October 23, 2024

ရေမြှုပ်မိုင်း မတော်တဆမှုကြောင့် သေဆုံးခဲ့သည့်မြင်ကွင်းကို တွေ့ရစဥ်

MT News

Written by Nay Moe

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်အတွင်း ရေမြှုပ်မိုင်းစမ်းထောင်စဥ်ပေါက်ကွဲခဲ့၍ PDF ၃ ဦး သေဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုက နိုဝင်ဘာ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက်က ကောင်းကင်တော်လှန် ရေးအင်အားစုအဖွဲ့ဝင် ဖိုးသား၊ ဒေါင်းစစ်သည် (မတ္တရာ) အဖွဲ့ဝင် DMW၊ MGUFF အဖွဲ့ဝင် ဘရိတ်တို့ သုံးဦးသည် ဧရာဝတီမြစ်အတွင်း၌ ရေမြှုပ်မိုင်း စမ်းသပ်ထောင်စဥ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားပြီး သုံးဦးလုံး သေဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” ဖိုးသား(ကောင်းကင်တော်လှန်ရေးအင်အားစု)၊ DMW (ဒေါင်းစစ်သည်-မတ္တရာ)၊ ဘရိတ် (NGUFF-မန္တလေး) တို့ သေဆုံးခဲ့ရပါတယ် “ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။

ထို့အပြင် စစ်ကိုင်းမြို့နယ် ကျောင်းဖြူ ကျေးရွာတိုက်ပွဲတွင် ကောင်းကင်တော်လှန်ရေးအင်အားစုမှ ဦးဆောင် တိုက်ပွဲဝင်ခဲ့ရာ လခရဘက်မှ အကျအဆုံးများပြီး တော်လှန်ရေးအင်အားစုမှ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အကျအဆုံးများသော လခရများက နိုဝင်ဘာ ၄ ရက်တွင် ကောင်းကင်တော်လှန်ရေးအင်အားစု ထုတ်လုပ်ရေး စခန်းအား ဝင်ရောက်စီးနင်းရာ လက်နက် အင်အားမမျှတမှု၊ ကျည်အင်အားနည်းပါးမှုကြောင့် စခန်းအားစွန့်လွှတ်ခဲ့ရပြီး ပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၅၀ ကျော်ဖိုး ဖျက်ဆီးခံခဲ့ရသည်ဟုလည်း ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *