October 19, 2024

၄. ၁၁. ၂၀၂၃
Written By Thandar

ကချင်ပြည်ရဲ့ တောတောင်ရေမြေနဲ့ သယံဇာတအလှအပ တွေကြားထဲက မလှပတဲ့ တိုင်းရင်းသားလုပ်သားပြည်သူတို့ရဲ့ ဘဝကို အခြေခံကျကျ ရိုက်ကူးထားတဲ့ “ကျောက် စိမ်းမြို့တော်”ဇာတ်လမ်းတွဲကို လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်လွှင့်ပြသမယ်လို့ ဒါရိုက်တာ JZ ဒေါင်းလွဏ်းက MTNews Entertainment ကို ပြောပါတယ်။

“ကျွန်တော့်ရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲလို့လည်း ပြောလို့ရပါတယ်။ ဖားကန့်မြို့မှာ ကျင်လည်နေတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ အဓိက ကျောက်တွေ သယံဇာတတွေကို လာရှာသွားကြတယ်။ ပြီးတော့ သူတို့တွေက ကျောက်တွေကို ရှာဖွေပြီး ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးကို ဘာမှ လုပ်မသွားခဲ့ဘူး။ တကယ် တမ်း စီးပွားရှာပြီး ပြန်သွားကြပေမယ့် ဒေသခံတွေကသာ အနစ်နာခံခဲ့ရတယ် ဆိုတာကို ပုံဖော်ရိုက်ကူးထားတာ ပါ။ အရင် ရုပ်ရှင်ဇာတ်ကားကြီး မရိုက်ခင်ထဲက ရိုက်ထားတာမို့ ဇာတ်လမ်း ကျောရိုးအနည်းယူထားတာတော့ ရှိပါတယ်” လို့ JZ ဒေါင်းလွဏ်းက MTNews Entertainment ကို ပြောပါတယ်။

JZ ဒေါင်းလွဏ်းက ဇာတ်လမ်း ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာပိုင်းအပြင် သရုပ်ဆောင်မှာလည်း ပါဝင်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင် M ဆိုင်းနော်၊ G တိန့်ဆောင်၊ စွမ်စွမ်ပန်၊ M ဂျာအောင်၊ ဂျာဆိုင်းအိန် စတဲ့ ကချင်တိုင်းရင်း သားတွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၃၅ မိနစ်စာ အပိုင်း ၃၀ ပါဝင်မယ့် ကချင်စကားပြောအတိုင်းကို မြန်မာစာတမ်းထိုးနဲ့ “ကျောက်စိမ်းမြို့တော်” ဇာတ်လမ်းတွဲကို ၂၀၁၄ ခုနှစ် မတ်လက ဖားကန့်ဘက်မှာ ရိုက်ကူးဖန်တီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက ရိုက်ထားတဲ့ ဇာတ်ကားလမ်းတွဲမို့ ပြန်ကြည့်ကြတဲ့အချိန်မှာ နည်းနည်း ဟောင်းသလိုတော့ ဖြစ်သွားမှာပေါ့။ ဒါပေမယ့် ဒီဇာတ်ကားကို ပရိသတ်တွေ ပြသချိန်မှာ ကြိုက်ရော ကြိုက်ပါ့မလားတော့ ရင်တော့ ရင်ခုန်ပါတယ်။ ဖားကန့်ရဲ့ သဘော သဘာဝက တစ်ခုပြီးတစ်ခု Update က ဖြစ်နေတာလေ။ အဲ့တုန်းက အဖြစ်အပျက်တွေနဲ့ ခုအဖြစ်အပျက်တွေက အရမ်းတော့ ကွာသွားပြီလေ။ ပရိသတ်ဆီက ဘယ်လိုပြန်ကြားရမလဲဆိုတာ စိုးရိမ်မိတယ်။ ပရိသတ်တွေ အားပေးကြပါဦး ” လို့ သူက ဆက်ပြောပါတယ်။

ကျောက်စိမ်းမြို့တော် (Jade City) ဇာတ်လမ်းတွဲကို နိုဝင်ဘာ ၅ရက် ည ၉ နာရီတိုင်းမှာ သောကြာ ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ တစ်ပတ် ၃ ရက်နှုန်းနဲ့ အပတ်စဉ် SKYPREMIER HD က ပြသပေးသွားမယ်လို့ သိရပါ တယ်။ ဒါရိုက်တာ JZ ဒေါင်းလွဏ်းက “မနောမြေက ကျောက်စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဖန်တီးတင်ဆက်ခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *