October 19, 2024

၄. ၁၁. ၂၀၂၃
Written by Nay Moe

ကိုးပင်-သာဂရကားလမ်း မိုင်တိုင်အမှတ် (၅၀) အနီးရှိ ဆိုင်ခန်းများအား PDF များ ပစ်ခတ်၍ ကျောင်းထိုင်ဆရာတော်တစ်ပါးပျံလွန်ပြီး အမျိုးသမီးတစ်ဦး ​သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် လယ်ဝေးမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ ထိစပ်နေသော ကိုးပင်-သာဂရကားလမ်း မိုင်တိုင်အမှတ် (၅၀)အနီး လမ်းဘေးရှိ ဆိုင်ခန်းများအား PDF များ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သံဃာတော်တစ်ပါးပျံလွန်တော်မူကာ၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက်စစ်ဆေးရာ ကိုးပင်-သာဂရကားလမ်း မိုင်တိုင် အမှတ်(၅၀)အနီး လမ်းဘေး၌ ဈေးရောင်းချနေသည့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်ကြီးမြို့နယ်၊ ထန်းပင်တဲကျေးရွာနေ ဒေါ်ပြည့်(၅၅)နှစ်၏ ဈေးဆိုင်ခန်းအတွင်း ဒေါ်ပြည့်နှင့် ၎င်းဆိုင်တွင်ရောက်ရှိနေသည့် တောင်တွင်းကြီးမြို့နယ်၊ ပွေးစားခင်းကျေးရွာရှိ ဘုရားလေးဆူဘုန်းကြီး ကျောင်း ကျောင်းထိုင်ဆရာတော် ဉူးခေမိန္ဒ (သက်တော် ၃၈ နှစ်)၊ (ဝါတော် ၂၀ )တို့အား ဦးခေါင်းကျည် ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ပျံလွန်တော်မူနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ နိုဝင်ဘာ ၁ ရက် ည ၈ နာရီခွဲတွင် အဆိုပါဈေးဆိုင်တန်းရှေ့လမ်းပေါ်သို့ သာဂရမြို့ဘက်မှ PDF များက ဆိုင်ကယ်များဖြင့်‌ ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆရာတော်ဥူးခေမိန္ဒနှင့် ဒေါ်ပြည့်တို့အား သေဆုံးအောင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် PDF များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *