October 19, 2024

၄. ၁၁. ၂၀၂
Written by Tha Doe

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည် ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင် ရွက်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများပါဝင်သည့် (Myanmar Government Designated Entity Consortium) ကို ဒေါ်လာငါးသန်းထည့်ဝင်နိုင်မည့် မြန်မာကုမ္ပဏီများဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းမြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ သိရသည်။

ထိုသို့ Myanmar GDE Consortium ဖွဲ့စည်းရာတွင် ၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ပြည်တွင်းတွင် မှတ်ပုံတင်၍ ဖွဲ့စည်းထားသော မြန်မာ နိုင်ငံသားပိုင် ပုဂ္ဂလိကကုမ္ပဏီ (သို့မဟုတ်) အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖြစ်ရန်၊ ကုမ္ပဏီစတင်ထူထောင်ချိန်မှစ၍ နှစ်စဉ်လုပ်ငန်းလည်ပတ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီဖြစ်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပေးထားသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် ကုမ္ပဏီ Extract Form ပူးတွဲတင်ပြရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင် (MyCO) တွင် Suspended ဖြစ်နေသည့် ကုမ္ပဏီ မဖြစ်ရန်၊ ကုမ္ပဏီဖွဲ့စည်းထားသည့် သက်တမ်း (၁၀) နှစ်နှင့်အထက် ရှိရန် (သို့မဟုတ်) အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အောင်မြင်စွာ အကောင်အထည် ဖော်ထားသည့် အနည်းဆုံးအတွေ့အကြုံ (၅) နှစ်ရှိသော ကုမ္ပဏီဖြစ်ရန် စသည့်ဖြင့် သတ်မှတ်ထားပြီး ရခိုင် ပြည်နယ်ဒေသခံ ရခိုင်တိုင်းရင်းသားများ အများစုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ပါက သတ်မှတ်ကာလကို လျှော့ပေါ့စဉ်းစားမည်ဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် (၃) နှစ်အတွင်း လုပ်ငန်းမှ ပျမ်းမျှဝင်ငွေ (Average Minimum Annual Turnover) အနည်း ဆုံး အမေရိကန်ဒေါ်လာ သန်း (၂၀) (သို့မဟုတ်) ယင်းနှင့်ညီမျှသည့် နိုင်ငံခြားငွေ (သိုမဟုတ်) ယင်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ ရရှိနေသည့် ကုမ္ပဏီဖြစ်ရန်၊ ဝန်ကြီးဌာန / နေပြည်တော်ကောင်စီ / တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတစ်ခုခု၌ နာမည်ပျက်စာရင်း (သို့မဟုတ်) တားမြစ်ပိတ်ပင်ခံရသည့် ကုမ္ပဏီမဖြစ်ရန်၊ လွန်ခဲ့သည့် (၃) နှစ်အတွင်း လုပ်ငန်းမှ ပျမ်းမျှဝင်ငွေ (Average| Minimum Annual Turnover) အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း (၂၀) (သို့မဟုတ်) ယင်းနှင့်ညီမျှသည့် နိုင်ငံခြားငွေ (သို့မဟုတ်) ယင်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ ရရှိနေသည့် ကုမ္ပဏီ ဖြစ်ရန်၊ ကုမ္ပဏီတွင် လိုအပ်သည့် ပညာရှင်ဝန်ထမ်းနှင့် အခြားကျွမ်းကျင်သူ ဝန်ထမ်း လုံလောက်စွာ ခန့်အပ်ထားရှိရမည်ဖြစ်ပြီး နည်းပညာ ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများကို စီမံကိန်းတွင် ထောက် ပံ့ထားရှိပေးနိုင်သည့် ကုမ္ပဏီဖြစ်ရန် လိုအပ်မည်ဖြစ်သည်။

ထို့အပြင် စတင်အဆိုပြုသည့်အချိန်တွင် အနည်းဆုံးအမေရိကန်ဒေါ်လာ (၅) သန်း ထည့်ဝင်နိုင်ကြောင်းအထောက်အထားတစ်ခုခု တင်ပြနိုင်သည့် ကုမ္ပဏီဖြစ်ရန်၊ လွန်ခဲ့သည့် (၃) နှစ်အတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများ (Financial Report) ကို လက်မှတ်ရပြည်သူစာရင်းကိုင် ၏ စာရင်းစစ်အစီရင်ခံစာ (Audit Report) နှင့်အတူ ပူးတွဲတင်ပြနိုင်ရန်၊ အခွန်ကျေပွန်ကြောင်း အထောက်အ ထားအဖြစ်သက်ဆိုင်ရာအခွန်ရုံးက ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း အထောက် အထားတင်ပြနိုင်သည့် ကုမ္ပဏီဖြစ်ရန် စသည့်အချက်များပြည့်စုံရမည်ဖြစ်သည်။

အဆိုပါအချက်များနှင့် ကိုက်ညီပြီး စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ပုံစံကို တစ်စုံလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အထူးစီးပွားရေးဇုန် ရေးရာဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော် (သို့မဟုတ်) မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အမှတ် ၆၂၂/ ၆၂၆ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်သည်ဟု သိရသည်။

အချက်အလက်များဖြည့်သွင်းပြီးသည့် အဆိုပြုလွှာ (EOI)နှင့် ဆက်စပ် စာရွက်စာတမ်းများကို အဆိုပြုလွှာ ထုတ်ယူရာဌာန၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၈၆၄၈၊ ၀၆၇-၄၀၈၆၁၉၊ ၀၁-၈၃၇၁၂၀၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *