October 19, 2024

မြန်မာ-တရုတ်နယ်စပ်တွင် လက်နက်၊ ခဲယမ်းစက်ရုံများဆောက်၍ အကြမ်းဖက်မှုအတွက် ၎င်းတို့ကိုယ်တိုင်အပြင် အခြားအဖွဲ့အစည်းများကိုပါ ထောက်ပံ့နေဟု ဆို

၃. ၁၁. ၂၀၂၃
Written by Zaw Moe

ငြိမ်းချမ်းရေး ညှိနှိုင်းဆဲကာလအတွင်း တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ်အသိပေးခဲ့သော်လည်း KIA အဖွဲ့မှ တပ်စုအဆင့် နယ်မြေလုံခြုံရေးစခန်းများကို အလစ်အငိုက် တိုက်ခိုက်ခဲ့သည့်အပြင် ရှမ်းမြောက်စစ်ပွဲများအတွင်း မပါဝင်ရန် သတိပေးထားသော်လည်း မသိကျိုးကျွံပြုကာ ပါဝင်ဆောင်ရွက်နေသည့်အတွက် လိုအပ်သော တန်ပြန်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)က ယနေ့တွင် ထုတ်ပြန်ထားသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆဲကာလအတွင်း တပ်စခန်းများအား တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် အကြိမ်ကြိမ်ဆက်သွယ် အသိပေးပြောကြားခဲ့သော် လည်း KIA အနေဖြင့် တပ်မတော်၏ တပ်စုအဆင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် စခန်းငယ်များကိုလည်း သာလွန်အင်အား အသုံးပြု၍ အလစ်အငိုက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါတပ်စခန်းများသို့ KIO အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူဂွမ်မော် သွား ရောက်ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည့်ကို တွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

၎င်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် အသိပေးအကြောင်းကြားခဲ့သော်လည်း KIA အဖွဲ့အနေဖြင့် တပ်မတော်၏ အသိပေးအကြောင်းကြားထားမှုအပေါ် မသိကျိုးကျွံပြုကာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် KIA အဖွဲ့အနေဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်အနီးတွင် လက်နက်၊ ခဲယမ်းစက်ရုံများအား တည်ဆောက်၍ လက်နက်၊ ခဲယမ်းများ ထုတ်လုပ်ကာ ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုသကဲ့သို့ ပြည်တွင်းရှိ အကြမ်းဖက်အဖွဲ့များကိုလည်း အဖျက်အမှောင့်နှင့် ကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နောက်ကွယ်မှ လက်နက်၊ ခဲယမ်းများ ပံ့ပိုးခြင်း၊ အားပေးအားမြောက်ပြုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ထပ်မံကျူးလွန်လာခြင်း မရှိစေရန်အတွက် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ထပ်မံ၍ ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက်ထိပါးစေသော အကြမ်းဖက်လုပ်ရပ်များ ဆောင် ရွက်လာခြင်း၊ လုံခြုံရေးစခန်းများအား တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာပါက လိုအပ်သော ပြန်လည်တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

KIA အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် လိုက်ပါဆောင်ရွက်ခြင်း မရှိသည့်အပြင် နယ်စပ်ဒေသကုန်သွယ်ရေး ပျက်စီးစေရန်နှင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရေး စသည့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားကို ထိခိုက်ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် ကချင်ပြည်နယ်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သော လမ်း၊ တံတားများအား၊ ဖောက်ခွဲဖျက်စီးမှုများ ပြုလုပ်လာခဲ့သည်။

ထိုသို့ စစ်ရေးနှင့် မသက်ဆိုင်သော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အသုံးပြုသွားလာလျက်ရှိသော ရထားလမ်း၊ ကားလမ်းနှင့် တံတားများအား ဖောက်ခွဲဖျက်စီးခဲ့မှုကြောင့် တိုင်းရင်းသား ပြည်သူလူထုတို့၏ သွားလာရေးကို အခက်အခဲဖြစ်ပေါ်စေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအပေါ် များစွာထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားသည်။

အစိုးရဘက်မှ NCA လမ်းကြောင်းမှ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ဆောင်ရွက်နေချိန်တွင် ကြိုတင်ပြင်ဆင်ပြီး တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုအပေါ် ဖောက်ဖျက်ပြီး တိုက်ခိုက်ခဲ့သည့် KIA နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အား တန်ပြန်ချေမှုန်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၂ ရက် (ယမန်နေ့)တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) တွင် ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *