October 23, 2024

SAC-M ၏ စစ်တမ်းတွင် ဖော်ပြထားသည့် တိုက်ပွဲဖြစ်ပွားမှုနှင့် ထိန်းချုပ်မှုပြ မြေပုံ

၁၆. ၁၁. ၂၀၂၂

Written by Nay Moe

မြန်မာ့နိုင်ငံရှိ မြို့ပေါင်း ၃၃၀ အနက် SAC နှင့် NUG- PDF များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားသည့်မြို့နယ် ၉ ခုသာရှိပြီး PDF စိုးမိုးနယ်မြေ ၁၉ ခုသာရှိဟု SAC-M (Special Advisory Council for Myanmar) ၏ မြန်မာနိုင်ငံအတွင်း ထိရောက်သော ထိန်းချုပ်မှု အနှစ်ချုပ်စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ကောက်ယူထားသည့် SAC-M ၏ စစ်တမ်းအရ NUG-PDF က SAC ကို အပြင်းအထန် ခုခံတိုက်ခိုက်သည့် အမည်းရောင်နယ်မြေမှာ မြို့ကိုးမြို့သာရှိပြီး အဆိုပါ မြို့များမှာ မြဝတီ၊ ဒီးမော့ဆို၊ ရေစကြို၊ မြောင်၊ ရင်းမာပင်၊ မုံရွာ၊ ခင်ဦး၊ ရွှေဘိုနှင့် ကလေးမြို့နယ်များသာ ရှိနေပြီး အဆိုပါမြို့နယ်များတွင် မြို့နယ်တစ်ခုချင်းစီ၌ ခြောက်လအတွင်း အကြိမ် ၁၄၀ နှင့်အထက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အကြိမ်ရေ ၁၁၀ နှင့် ၁၃၉ ကြိမ်အကြားဖြစ်ပွားသည့် အညိုရောင်နယ်မြေမှာလည်း ခြောက်လအတွင်း ၁၁ မြို့နယ်ခန့်သာ ရှိခဲ့ကာ ခြောက်လအတွင်း အကြိမ် ၈၀ နှင့် ၁၀၉ ကြိမ်အကြား ဖြစ်ပွားသည့် အနီရောင်နယ်မြေမှာလည်း ၁၂ မြို့နယ်ခန့်သာ ရှိခဲ့သည်ဟု SAC-M ၏ ခြောက်လအတွင်း တိုက်ပွဲဖြစ်မှုမြေပုံညွှန်းတွင် ဖော်ပြထားသည်။

နယ်မြေစိုးမိုးမှုတွင်လည်း NUG-PDF များက အပြည့်အဝနယ်မြေစိုးမိုးသည်ဟု ယူဆနိုင်သည့် မြို့နယ်ခြောက်ခုသာရှိသေးပြီး ၉၀ ရာခိုင်နှုန်းအထက် ထိန်းချုပ်နိုင်သည့် မြို့နယ် ၁၃ မြို့နယ်သာရှိသေးကာ နယ်မြေစိုးမိုးမှုနှင့် ဒေသတွင်းစီမံခန့်ခွဲနိုင်မှုမြင့်တက်လာသည့် မြို့နယ် ၄၈ ခုသာရှိသေးကြောင်းနှင့် EAOs များ ထိန်းချုပ်နယ်မြေ ၂၈ မြို့နယ်ရှိကြောင်း အဆိုပါ အရေအတွက်မှာ မြို့နယ် ၃၃၀ ၏ ၄၂ ရာခိုင်နှုန်းသာရှိသေးကြောင်း သိရသည်။

ထို့အတူ SAC က အပြည့်အဝထိန်းချုပ်နယ်မြေမှာ ၇၂ မြို့နယ်ရှိပြီး ပြည်သူ့စစ်များနှင့် ပူးတွဲထိန်းချုပ်မြို့နယ် ၂၁ ခုရှိကာ SAC က ထိန်းချုပ်ထားသော်လည်း PDF များ တိုက်ခိုက်ခံနေရသည့်မြို့နယ်မှာ ၁၀၀ ရှိကြောင်းနှင့် PDF များ တိုးမြှင့်လှုပ်ရှားနေသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်မြို့နယ် ၃၂ မြို့နယ်ရှိပြီး အဆိုပါ အရေအတွက်မှာ ၄၈ ရာခိုင်နှုန်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *