October 19, 2024

အထက်လွှတ်တော်တွင် အခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး အိမ်ဖြူတော်ကလည်း ဗီတိုအာဏာသုံးပယ်ချနိုင်ဟု ဆို

၃. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က ရီပတ်ဘလစ်ကန်အမတ်တို့ အဆိုပြုတင်သွင်းသော အစ္စရေးတို့ကို ဒေါ်လာ ၁၄ ဒသမ ၃ ဘီလျံ အထောက်အပံ့ပေးရေး ဥပဒေမူကြမ်းကို နိုဝင်ဘာ ၂ ရက်က အတည်ပြုခဲ့သော်လည်း ထိုဥပဒေမူကြမ်းမှာ ဒီမိုကရက်အမတ်များချုပ်ကိုင်ရာ အထက်လွှတ်တော်တွင် အတည်ပြုနိုင်ရန် အခက်အခဲနှင့်ကြုံတွေ့ရဖွယ်ရှိပြီး အိမ်ဖြူတော်ကလည်း ဗီတိုနှင့်ပယ်ချမည်ဟု ပြောကြားထားကြောင်းသိရသည်။

ဥပဒေမူကြမ်းအား အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ကြရာတွင် ထောက်ခံမဲ ၂၂၆ မဲ၊ ဆန့်ကျင်မဲ ၁၉၆ မဲနှင့်အတည်ပြုခဲ့ကြခြင်းဖြစ်ပြီး ဒီမိုကရက်အမတ် ၁၂ ဦးကရီပတ်ဘလစ်ကန်အမတ် ၂၁၄ ဦးနှင့်အတူ ထောက်ခံမဲပေးခဲ့ကြပြီး ရီပတ်ဘလစ်ကန်အမတ် နှစ်ဦးကလည်း ဒီမိုကရက်အမတ် ၁၉၄ ဦးနှင့်အတူ ဆန့်ကျင်မဲပေးခဲ့ကြသည်။

အဆိုပါဥပဒေမူကြမ်းက ဟားမားစ်တို့၏တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်နိုင်ရန် အစ္စရေးသို့ အထောက်အပံ့ပေးရန်အတွက် အောက်လွှတ်တော်ဥက္ကဋ္ဌအသစ် မိုက်ဂျွန်ဆန် ၏ ပထမဆုံးသောဥပဒေအတည်ပြုရေး ကြိုးပမ်းမှုဖြစ်သည်။သို့သော် ထိုဥပဒေမူကြမ်းက သမ္မတဂျိုးဘိုင်ဒန် တောင်းဆိုထားသည့်ပမာဏကို ဖြတ်တောက်မှုပြုထားကာ ယူကရိန်းအတွက် အထောက်အပံ့လည်းမပါဝင်သောကြောင့် ဒီမိုကရက်အမတ်များချုပ်ကိုင်ထားသော အထက်လွှတ်တော်၌ အတည်ပြုနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒန်က ကွန်ဂရက်သို့ အစ္စရေး၊ တရုတ်တိုင်ပေနှင့် ယူကရိန်းနိုင်ငံများသို့ စစ်ရေးနှင့် လူသားချင်း စာနာမှုထောက်ပံ့ငွေများ ပါဝင်သောအရေးပေါ်ကုန်ကျ စရိတ် အမေရိကန်ဒေါ်လာ ၁၀၆ ဘီလျံကို တောင်းဆိုထားသည်။ ဒီမိုကရက်အမတ်အများစုရှိရာ အထက် လွှတ်တော်မှ အများစုခေါင်းဆောင်ချတ် ရှုမားက ပါတီနှစ်ပါတီစလုံးပါဝင်ရေးဆွဲသော ဥပဒေကြမ်းအား တင်သွင်းရန် အထက်လွှတ်တော်က စဉ်းစားနေကြောင်းပြောခဲ့သည်။

လွှတ်တော်နှစ်ခုအတွင်း အငြင်းပွားမှုများက ကွန်ဂရက်တွင် သမ္မတ ဘိုင်ဒန်၏ အရေးပေါ်ကုန်ကျစရိတ် ဥပဒေကြမ်းကို အတည်ပြုမဲခွဲနိုင်ခြင်းမရှိမီ ရက်သတ္တပတ်များစွာ ကြာလိမ့်မည်ဟု သုံးသပ်ရသည်။ အောက်လွှတ်တော်က အတည်ပြုလိုက်သည့် ရီပတ်ဘလစ်ကန်တို့၏ ဥပဒေကြမ်း၌ အစ္စရေးစစ်ရေးအထောက်အပံ့ ဒေါ်လာ ဘီလျံအနည်းငယ်သာပါ၍ သမ္မတက ဗီတိုနှင့်ပယ်ချမည်ဟု ပြောနေခြင်းလည်း ဖြစ်သည်။

ဟားမားစ် နှင့်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် အစ္စရေးသို့ အမေရိကန်၏ ၂၀၁၆ ခုနှစ်မှစခဲ့သော ၁၀ နှစ်တာ စစ်ရေးအထောက်အပံ့စီမံချက်အရ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကို အစ္စရေးက ရရှိပြီးဖြစ်သည်။ ယူကရိန်းတို့အတွက် ကွန်ဂရက်က အတည်ပြုပေးခဲ့ရသော စစ်ရေးအထောက်အပံ့ငွေ ပမာဏမှာ ရုရှားနှင့်စစ်ပွဲ စတင်သည်မှစ၍ ဒေါ်လာ ၁၁၃ ဘီလျံရှိခဲ့ပြီဟုလည်း သိရသည်။

Ref—–Reuters

Leave a Reply

Your email address will not be published. Required fields are marked *