October 19, 2024

၂. ၁၁. ၂၀၂၃

Written by Zaw Moe

အစိုးရက NCA လမ်းကြောင်းမှ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ဆောင်ရွက်နေချိန် ကြိုတင်ပြင်ဆင်ပြီး တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုအပေါ် ဖောက်ဖျက်ပြီး တိုက်ခိုက်ခဲ့သည့် KIA နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အား တန်ပြန်ချေမှုန်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံရေးစခန်းများနှင့် ဌာနဆိုင် ရာရုံးဌာနများကို တိုက်ခိုက်လာမှုများရှိကြောင်း၊ အလား တူ ကချင်ပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့အနေဖြင့် KIA အဖွဲ့ကို နယ်မြေတည်ငြိမ် အေးချမ်းမှု ပျက်ပြားမှုမရှိစေရေး သတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် အင်အားအလွန်အကျွံသုံးပြီး လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် လုံခြုံရေးအရ ပြန်လည်ဆောင်ရွက်ခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“မိမိအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့မှာ မိန့်ခွန်းပြောကြားရာမှာ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို လေးစားလိုက်နာမယ်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောကြားပြီးဖြစ်တယ်” ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ဆွေးနွေးနေသည့်အချိန် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထားပြီး ‌ဆောင် ရွက်ပေးခဲ့ကြောင်း သို့သော် မိမိတို့အပေါ် တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်းကြောင့် မိမိတို့အနေဖြင့် တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *