October 19, 2024

၃. ၁၁. ၂၀၂၃
Written by Nay Aung

အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော Chevron သည် မြန်မာနိုင်ငံတွင် လုပ်ငန်းပါဝင် လုပ်ကိုင်မှုများကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်ခဲ့သော်လည်း ၂ နှစ်နီးပါးကြာချိန်အထိ အပြီးသတ်ရုပ်သိမ်းနိုင်ခြင်းမျိုးမရှိသေးကြောင်း သတင်းထုတ်ပြန်လိုက်သည်။

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံပိုင် ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းများတွင် အမေရိကန်နိုင်ငံသားများ ပါဝင်လုပ်ကိုင်ခြင်းမလုပ်ဆောင်ရန် ပိတ်ပင်မှုများ ချမှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် Chevron က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် Chevron သည် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်မှုများကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအမေရိကန်ကုမ္ပဏီက မြန်မာနိုင်ငံတွင်လုပ်ငန်းများကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလက သတင်းထုတ်ပြန်ခဲ့ဖူးသလို ၎င်းတို့ကုမ္ပဏီအနေဖြင့် မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းဖြစ်သော ရတနာ ဓာတ်ငွေ့စီမံကိန်းတွင် ပိုင်ဆိုင်ထားသော ရှယ်ယာ ၄၁ ရာခိုင်နှုန်းကျော်ကို ကနေဒါအခြေစိုက် MTI Energy ကုမ္ပဏီထံ ရောင်းချရန်သဘောတူညီမှုရရှိခဲ့ကြောင်း ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလအတွင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

သို့သော်လည်း Chevron ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ပိုင်ဆိုင်မှုများရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လုပ်ငန်းများလုပ်ကိုင်မှုမှ ထွက်ခွာသွားမှုကို အစီအစဉ်များအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-03_14-09-32.jpg

အဆိုပါ Chevron ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးသည် MTI Energy ကုမ္ပဏီထံ ၎င်းတို့ရှယ်ယာများရောင်းချမှု အခက်ခဲများရှိနေခြင်း ရှိ မရှိဆိုသောအချက်ကို အတိအကျ ပြောဆိုခြင်းမရှိသလို အပြီးသတ်ထွက်ခွာမည့်အချိန်ကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

၎င်းက “မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ကုမ္ပဏီရဲ့အကျိုးစီးပွားအားလုံးကို ရောင်းချဖို့ သဘာတူညီမှုစာချုပ်လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံက ထွက်သွားမှာပါ။ သဘောတူညီမှုစာချုပ်ပါအချက်တွေကတော့ လျှို့ဝှက်ထားရမှာဖြစ်တယ်”ဟု ပြောသည်။

အမေရိကန်အစိုးရသည် အောက်တိုဘာ ၃၁ ရက်နေ့က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများထပ်မံချမှတ်ခဲ့ရာ အဆိုပါ ပိတ်ဆို့မှုများထဲတွင် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) လည်း ပါဝင်ခဲ့ကာ အမေရိကန်နိုင်ငံသားများအနေဖြင့် MOGE နှင့်ပတ်သက်ပြီး ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး မလုပ်ဆောင်ရန် စည်းကမ်းသတ်မှတ်ခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရ၏အဆိုပါ ပိတ်ဆို့မှုအသစ်သည် Chevron အပေါ် သက်ရောက်မှု ရှိမရှိဆိုသောအချက်ကိုအတိအကျ မသိသေးကြောင်း ရိုက်တာသတင်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အခြေစိုက် Chevron ကုမ္ပဏီအပါအဝင် ပြည်ပအခြေစိုက်ကုမ္ပဏီအချို့သည် မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေခြင်းကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *