October 19, 2024

၃. ၁၁. ၂၀၂၃
Written by Pan Ei

TikTok တရုတ်ဗားရှင်း Douyin ဗီဒီယိုတွေထဲက သင်ယူခဲ့တဲ့ “ငါးဖမ်းနည်း” ကို အသုံးပြုပြီး စင်ကာပူနိုင်ငံက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေက အလှူခံပုံးတွေထဲကနေ ပိုက်ဆံခိုးယူခဲ့တဲ့ တရုတ်နိုင်ငံသားသုံးဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မနေ့ (နိုဝင်ဘာ ၂ ရက်) က ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပိုက်ဆံခိုးယူခဲ့တဲ့ တရုတ်နိုင်ငံသား သုံးဦးဟာ အသက် ၃၂ နှစ်အရွယ် Zou Fangshou၊ အသက် ၂၉ နှစ်အရွယ် Qin Xiaonuo နဲ့ အသက် ၃၈ နှစ်အရွယ် Qin Chaoban တို့ဖြစ်ကြပြီး ထောင်ဒဏ် ခုနစ်လစီ ချမှတ်ခံခဲ့ရတာပါ။

သူတို့ဟာ စင်ကာပူဒေါ်လာ ၁၄၇၉၊ အမေရိကန်နဲ့ ဟောင်ကောင်ဒေါ်လာ အနည်းငယ်ကို ခိုးယူခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အလှူပုံးတွေကနေ သူတို့ ခိုးယူခဲ့ပုံကတော့ စေးကပ်တဲ့ တိပ်ကပ်ထားတဲ့ သတ္တုအပိုင်းအစတစ်ခုကို ကြိုးနဲ့ ဆွဲကာ အသုံးပြုတာဖြစ်တယ်လို့ သူတို့က တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။

သူတို့ သုံးဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအစောပိုင်းထဲက စင်ကာပူကိုရောက်ရှိနေခြင်းဖြစ်ကာ သူတို့ရောက်ရှိပြီး ၂ ရက်တာအတွင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၃ ကျောင်း၊ ဘုရားကျောင်း ၂ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းတို့ကို သွားရောက်လည်ပတ်ပြီး ခုလို ပြုမူခဲ့တာဖြစ်ပါတယ်။ ခိုးယူဖို့ မသင်္ကာဖွယ်ရာ လှည့်ပတ်ကြည့်ရှုနေကြတဲ့ သူတို့ကို ဝတ်ပြုရာနေရာရှိ ဝန်ထမ်းတွေက သတိပြုမိကြပြီး ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့ကြရာကနေ ဖမ်းဆီးခံခဲ့ကြရတာပါ။

သူတို့ သုံးဦးဟာ သူတို့အပြစ်ကို ဝန်ခံပြီး ဥပဒေကို မသိလို့ ဖြေလျှော့ပေးဖို့ တရားရုံးမှာ တောင်းဆိုရာမှာတော့ တရုတ်နိုင်ငံက ဘုရားကျောင်းကနေရော ခိုးယူရင် မှန်သလားလို့ တရားသူကြီးက ပြန်လည် မေးမြန်းခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *