October 19, 2024

၃. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးနှင့် ဟားမားစ်တို့အကြား အောက်တိုဘာ ၇ ရက်တွင် တိုက်ခိုက်မှုများစတင်ခဲ့သည်မှစ၍ စစ်ပွဲအတွင်း သတင်းစာဆရာ အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့ရကြောင်း သတင်းစာဆရာများ ကာကွယ်ရေး ကော်မတီ(CPJ) က နိုဝင်ဘာလ ၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

CPJ ၏ စုံစမ်းစစ်ဆေးချက်များအရ အစ္စရေး-ဟားမားစ်စစ်ပွဲအတွင်း နိုဝင်ဘာ ၂ ရက်အထိ နှစ်ဖက်သေဆုံးသူ ခန့်မှန်း ၁၀,၀၀၀ ကျော်ရှိသည့်အနက် သတင်းစာဆရာနှင့် မီဒီယာဝန်ထမ်း အနည်းဆုံး ၃၆ ဦးပါဝင်ကြောင်း နိုဝင်ဘာ ၂ ရက်တွင် ပြောခဲ့သည်။

CPJ ၏ ပြောကြားချက်များတွင် မြေပြင်၌ ကွင်းဆင်း၍ သတင်းအချက်အလက်ရယူနေသော သတင်းစာဆရာများမှာ အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများကြောင့် အထူးသဖြင့် အန္တရာယ်ကြီးမားစွာရင်ဆိုင်ရသည်ကို တွေ့ကြရကြောင်း၊ တယ်လီကွန်းစနစ်များ မကြာခဏပြတ်တောက်မှုနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများအကြားမှပင် ၎င်းတို့၏တာဝန်များကျေပွန်ရန် သတင်းစာဆရာများက ထမ်းဆောင်နေကြကြောင်း ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗို့လ်ကာ တာ့ခ်က ၂၀၂၃ ခုနှစ်အတွင်း သတင်းစာဆရာအနည်းဆုံး ၄၆ ဦးခန့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးခဲ့ရ‌ပြီး အနည်းဆုံး ၅၃၁ ဦးမှာ သတင်းလုပ်ငန်းဆောင်ရွက်နေစဉ် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရကြောင်း နိုဝင်ဘာ ၂ ရက်ကပြောခဲ့သည်။

အောက်တိုဘာ ၇ ရက်နံနက်ပိုင်းတွင် အစွန်းရောက်ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်သော ဟားမားစ် အုပ်စုမှ စစ်သွေးကြွများက ဂါဇာကမ်းမြောင်မှသည် အစ္စရေးနိုင်ငံပိုင်နက်အတွင်းသို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာကြကာ နယ်စပ်ဒေသရှိ အစ္စရေးလူ့အဖွဲ့ အစည်းများမှ ပြည်သူများကိုသ-တ်ဖြတ်၍ အမျိုးသမီးများနှင့် ကလေးများ၊ သက်ကြီးရွယ်အိုများအပါအဝင် လူ ၁၄၀ ခန့်ကို ဓားစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ဟားမားစ်တို့က ၎င်းတို့၏တိုက်ခိုက်မှုကို ဂျေရုဆလမ်မြို့ဟောင်းရှိ အယ်လ်-အက်ဆာ ဗလီဝင်းအတွင်း အစ္စရေးတို့က ကျူးကျော်ဝင်ရောက်၍ ရန်လိုသည့်အပြုအမူများ ပြုလုပ်ခဲ့မှုများကို တုံ့ပြန်ခြင်းဟု ပြောခဲ့ကြသည်။

အစ္စရေးအစိုးရကလည်း ဂါဇာဒေသကို လုံးဝပိတ်ဆို့ကြောင်း ကြေညာကာ ဂါဇာကမ်းမြောင်အတွင်းနှင့် လက်ဘနွန်နှင့် ဆီးရီးယားရှိပစ်မှတ်များကိုပါ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကာ အနောက်ဘက်ကမ်းဒေသတွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

Ref—-Tass

Leave a Reply

Your email address will not be published. Required fields are marked *