October 30, 2024

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ ဗီဇာသက်တမ်းတိုးရေး အောက်တိုဘာ ၂၆ ရက်က ဆွေးနွေးခဲ့သည့်မြင်ကွင်းကို တွေ့ရစဥ်

၁၆.၁၁. ၂၀၂၂

Written by Thettant

နိုဝင်ဘာ ၂၈ ရက်မှ စတင်၍ ဇီဝအချက်အလက် လက်ဗွေစနစ်ဖြင့် ဗီဇာလျှောက်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့တွင် အသိပေးချက်ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၏ ဥပဒေစည်းမျဥ်းစည်းကမ်းနှင့် နိုင်ငံတကာ ကူးသန်းသွားလာမှု နည်းဥပဒေအရ ၂၀၂၂ ခုနှစ်၊ နို၀င်ဘာ၂၈ ရက်မှစ၍ ဗီဇာလာရောက်လျှောက်ထားသူများကို ဇီဝအချက်အလက် လက်ဗွေစနစ်ဖြင့် လက်ဗွေရာများ စတင်ကောက်ယူသွားမည်ဖြစ်သည်။

တရုတ်ဗီဇာ လျှောက်ထားလိုသူများသည် အွန်လိုင်းတွင် လျှောက်လွှာဖြည့်ပြီး ကြိုတင်ရက်ချိန်းယူပြီးပါက လိုအပ်သောစာရွက်စာတမ်းနှင့်တကွ ရက်ချိန်းရထားသောရက်တွင် တရုတ်သံရုံး (ရန်ကုန်)သို့ လူကိုယ်တိုင် လာရောက်လျှောက်တင်ရမည်ဖြစ်ပြီး လျှောက်ထားသူ၏ လက်ဗွေရာကို ကောက်ခံယူသွားမည်ဖြစ်သည်။

ဇီဝအချက်အလက်လက်ဗွေစနစ် ကောက်ခံမှုပြုရန် မလိုအပ်သောပုဂ္ဂိုလ်များမှာ အသက် (၁၄) နှစ်အောက်ကလေးငယ်များနှင့် အသက် (၇၀) နှစ်အထက် သက်ကြီးရွယ်အိုများ၊ Diplomatic Passport ကိုင်ဆောင်ထားသူနှင့် Diplomatic Visa ၊ Service Visa ၊ Courtesy Visa နှင့် ကိုက်ညီသော ပုဂ္ဂိုလ်များ၊ ၅ နှစ်အတွင်း ပတ်စပို့စ်စာအုပ်တစ်အုပ်တည်းဖြင့် ရန်ကုန်တရုတ်သံရုံး၌ တရုတ်ဗီဇာလျှောက်ဖူး၍ လက်ဗွေရာအချက်အလက်ပေးခဲ့ဖူးသူ၊ (ပတ်စပို့စ်အသစ်ထပ်လဲထားသူမပါ)၊ လက်ဆယ်ချောင်းများ မသန်စွမ်းသူ (သို့) လက်ချောင်းများတွင် လက်ဗွေရာ မထင်ရှားသူ စသည့်ပုဂ္ဂိုလ်များမှာမူ လက်ဗွေပေးရမည်မဟုတ်ကြောင်း သိရသည်။

တရုတ်ဗီဇာ လျှောက်ထားသူကိုယ်တိုင် တရုတ်သံရုံး (ရန်ကုန်)သိုလာရောက်၍ လက်ဗွေရာပေးရမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင်မဟုတ်ဘဲ အခြားသူတစ်စုံ တစ်ယောက်၏ လက်ဗွေရာပေးပါက လျှောက်ထားသူသည် တရုတ်နိုင်ငံသို ၀င်ရောက်နိုင်မည် မဟုတ်သည့်အပြင် ထိုအကြောင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲကိစ္စရပ်များသည်လည်း မိမိကိုယ်တိုင် ၏တာ၀န်သာဖြစ်ပြီး မိမိကိုယ်တိုင် တာ၀န်ယူဖြေရှင်းရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

တရုတ်ဗီဇာလျှောက်ထားလိုသူများသည် https://cova.cs.mfa.gov.cn တွင် ဖောင်ဖြည့်နိုင်ပြီး https://avas.cs.mfa.gov.cn တွင် ရက်ချိန်းရယူရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *