October 19, 2024

Photo - Asia World

၃. ၁၁. ၂၀၂၃
Written by Ye Kyaw

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၀ ရက်အထိ ခုနစ်လအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ‌ဒေါ်လာ ၈ ဒသမ ၂၇၇ ဘီလျံရရှိထားပြီး မျှော်မှန်းထားသည့် ပို့ကုန်တင်ပို့မှုပမာဏ၏ ရာခိုင်နှုန်း ၅၀ ကျော် (ထက်ဝက်ကျော်) ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပို့ကုန်ပမာဏ ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံ တင်ပို့နိုင်ရန် ခန့်မှန်းထားပြီး ယခင်နှစ်ထက် ဒေါ်လာ တစ်ဘီလျံကျော် ပို၍ခန့်မှန်းထားကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းငွေစာရင်းဆိုင်ရာအချက်အလက်များတွင် ဖော်ပြထားသည်။

မိုးရာသီကာလဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် ပို့ကုန်လုပ်ငန်းရှင်များ ပို့ကုန်တင်ပို့မှုကို အနည်းငယ်သာ ဆောင် ရွက်လေ့ရှိပြီး ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှစ၍သာ ပိုမိုဆောင်ရွက်လေ့ရှိခြင်းကြောင့် လက်ရှိဘဏ္ဍာနှစ်ကုန်ဆုံးရန်အတွက် ငါးလသာကျန်ရှိတော့သော်လည်း မျှော်မှန်းထားသည့် ပို့ကုန်ပမာဏ၏ ကျန်ရှိနေသေးသည့် ဒေါ်လာ ၈ ဘီလျံကျော်ကို ပြည့်မီနိုင်ကြောင်း သိရသည်။

“ပြည်ပ ဆန်တင်ပို့မှုဆို ယခင်နှစ်ထက် လျော့ကျနေလို့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ တစ်လကို ဆန်တန်ချိန် နှစ်သိန်းလောက်အထိ တင်ပို့ဖို့ဆောင်ရွက်နေတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောထားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဘီလျံခွဲရရှိမည်ဟု ခန့်မှန်းထားပြီး လက်ရှိ ခုနစ်လအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇ ဒသမ ၅၆၉ ဘီလျံရရှိထားသည့်အတွက် မျှော်မှန်းထားသည့် ကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၅၀ ကျော် (ထက်ဝက်ကျော်) ရရှိထားသည်။ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံ ရရှိရန်ခန့်မှန်းခဲ့ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ဒေါ်လာ ၄ ဘီလျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *