October 19, 2024

၃. ၁၁. ၂၀၂၃
Written by Nay Moe

တွံတေးတူးမြောင်းအတွင်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲရေယာဥ်ကို လှေတစ်စီးပေါ်က ဗုံးနဲ့ပစ်ပြီး လက်နက်ငယ်နဲ့ပါ ဆက်လက်ပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရမှု ဒီနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၄ နာရီ ၂၀ လောက်မှာ တွံတေးမြို့နယ်၊ တွံတေးတူးမြောင်းအတွင်း ရေမိုင် ၁၆ မိုင်မှာ ရဲရေယာဥ်တစ်စီးအခြေပြု လုံခြုံရေးတာဝန်ထမ်းဆောင်နေချိန် တွံတေးဘက်ကလာတဲ့ စက်တပ်ဖိုက်ဘာလှေပေါ်က လူ(အင်အားစိစစ်ဆဲ) က လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ဖောက်ခွဲခဲ့ပြီး သေနတ်နဲ့ ၁၈ ချက်ခန့် လာရောက်ပစ်ခတ်ခဲ့လို့ ရဲရေယာဉ်သင်္ဘောကိုယ်ထည် သံပြားကတစ်ဆင့် ရဲအုပ်တစ်ဦးရဲ့ ယာပေါင် ဆက်လက်ထိမှန်ပြီး ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့သလို လာရောက်ပစ်ခတ်တဲ့ စက်တပ်ဖိုက်ဘာလှေက တွံတေးတူးမြောင်း ၂၁ မိုင်ဘက် (တွံတေးတူးမြောင်းဝ/ ဧရာဝတီဘက်) မောင်းနှင်သွားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဒဏ်ရာရသွားတဲ့ရဲတပ်ဖွဲ့ဝင်ကို ဆေးရုံတင်ပို့ထားပြီး လုံခြုံရေးပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်တဲ့ တရားခံတွေဖမ်းမိရေး ဆက်လက်စစ်ဆေး ရှာဖွေနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *