၃. ၁၁. ၂၀၂၃
Written by Nay Moe
အဝေးပြေးခရီးသည်တင်ယာဥ်နှစ်စီးအား PDF များက နှစ်ရက်ဆက်တိုက်မိုင်းခွဲခဲ့ပြီး ထိုသို့မိုင်းခွဲမှုကြောင့် ခရီးသည်ကိုးဦး မိုင်းစထိမှန် ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်များမှာ အောက်တိုဘာ ၃၁ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွှေဘို-စစ်ကိုင်းကားလမ်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မြို့မှ ကန့်ဘလူမြို့သို့ ရန်ကုန်-ဇီးကုန်း-တန့်ဆည် ခရီးစဉ်ပြေးဆွဲသည့် YGN-19 9L/…. “နယူးစိန်ဌေးလှိုင်”ခရီးသည် တင်ယာဉ်သည် ရွှေဘို-စစ်ကိုင်းကားလမ်းအတိုင်း မောင်းနှင်လာစဉ် “ဘောဂမာန်တိုင်” စက်သုံးဆီဆိုင်အနီးအရောက် လမ်း၏ယာဘက်မှ PDF အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်၏ရှေ့လေကာ မှန်၊ ယာဘက်ခြမ်းမှန်များနှင့် ယာဉ်ဦးခေါင်းပိုင်းတို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ဖြစ်သူ ကန့်ဘလူမြို့နယ်၊ ရသာကျေးရွာနေ ဒေါ်မြကြည်(၆၅)နှစ်တွင် နဖူးမိုင်းစထိမှန်ဒဏ်ရာ တစ်ချက်ရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ နို၀င်ဘာ ၁ ရက် ည ၈ နာရီ မိနစ် ၄၀ အချိန် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ် ကျွန်းတောကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ PT Power စက်သုံးဆီအရောင်းဆိုင်အနီးတွင် ရန်ကုန်မြို့ဘက်မှမော်လမြိုင်မြို့ဘက်သို့ “အောင်ကျော်မိုး” ခရီးသည်တင် ယာဉ်လိုင်းမှ ယာဉ်မောင်း ကျော်ဖြိုးသူ(၂၉)နှစ် ဒဂုံမြို့နယ်၊ ယာဉ်နောက်လိုက် မင်းသူ(၂၄)နှစ်နှင့် ခရီးသည် ၄၀ ဦးခန့်လိုက်ပါလာသည့် 6C/….. ဟွန်ဒိုင်း အမျိုးအစားခရီသည်တင်မှန်လုံယာဉ်အား PDF အင်အား(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များအနက် ဦးဝင်းကြိုင်(၄၅)နှစ် အမှတ်(၁) ရပ်ကွက် ထောက်ကြံ့မြို့နေသူတွင် ဝမ်းဗိုက်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ ဦးအုန်းသန်း (၃၈)နှစ် လေးအိမ်ကုန်းကျေးရွာ ဒေးဒရဲမြို့နယ်နေသူတွင် ဝဲမျက်ခွံ မှန်စထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဦးဆန်းမင်းသူ(၂၃)နှစ် ရေနံတောင်ကျေးရွာ ကြံခင်းမြို့နယ်နေသူတွင် ဝဲ(ချိုစောင်း/ပါး/ဒူး)တို့တွင် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်စီ၊ ယာခြေဖဝါးပေါက်ပြဲဒဏ်ရာ ၁ ချက်စီ၊ စုစုပေါင်းဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ)၊ ညီဖြစ်သူ ဦးအောင်ဆန်းမင်း(၁၈)နှစ်တွင် ယာမျက်စိပြတ်ရှဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်ခိုင်ဝါဝါဝင်း(၂၂)နှစ် ပိတ်သာကျေးရွာ မော်ကျွန်းမြို့နယ်နေသူတွင် ဝဲနားမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်ဝင်းလှ(၆၀)နှစ် ရေတွင်းကုန်းကျေးရွာ သာပေါင်းမြို့နယ်နေသူတွင် ဝဲချိုစောင်းမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်နေခြည်သိမ့်(၂၅)နှစ် ကြိုးပင်ကျေးရွာ အင်္ဂပူမြို့နယ်နေသူတွင် ယာမျက်ခမ်းမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ဒေါ်သန်းသန်းရီ(၂၂)နှစ် လှိုင်သာယာမြို့နယ်နေသူတွင် ယာမေးရိုးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) စုစုပေါင်း ၈ ဦး(ကျား ၄၊ မ ၄)တို့ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ယာဉ်ကိုယ်ထည်နှင့်လေကာမှန်များ (တန်ဖိုး-စိစစ်ဆဲ)ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မစိုးရိမ်ရဒဏ်ရာရရှိသူ ၇ ဦးသည် ကျိုက်ထိုခရိုင်ပြည်သူ့ဆေးရုံကြီး၌ လိုအပ်သည့်ဆေးဝါးကုသမှုများခံယူခဲ့ပြီး ကံ့ကော်ရပ်ကွက်ရှိ ကျိုက်ပေါလောဘုရားဓမ္မာရုံ၌ ခေတ္တတည်းခိုလျက်ရှိကာ စိုးရိမ်ရဒဏ်ရာရရှိသူ ဦးဝင်းကြိုင် အား သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။