October 19, 2024

၂.၁၁.၂၀၂၃
Written By Thandar

နိုဝင်ဘာ ၁ ရက်နေ့မှာ တရုတ်နိုင်ငံမှာ စတင်ကျင်းပမယ့် Miss Tourism World 2023 ပြိုင်ပွဲ ရက်အပြောင်းအလဲကြောင့် နိုဝင်ဘာလကုန်မှသာကျင်းပပြုလုပ်တော့မှာဖြစ်တယ်လို့ Miss Tourism World Myanmar 2023 အလှမယ် ဆုမြတ်ရည်က ပြောပါတယ်။

“အစက ၁ ရက်နေ့ ပြိုင်ပွဲစမယ်လို့ ပြောထားပေမယ့် အခြေ အနေတချို့ကြောင့် ပွဲရက်ကို နောက်ဆုတ်လိုက်ရတယ်။ နိုဝင်ဘာလကုန်လောက် ဖြစ်မယ်။ အဆင်သင့် ဖြစ်အောင်တော့ လုပ်ထားပါလို့ သူတို့ဘက်က ပြောတယ်။ အချိန်နောက်ဆုတ်သွားတော့ ညီမအတွက် ပိုပြီး ပြင်ဆင်ချိန်တော့ရသွားတယ်။ အခု လက်ရှိမှာလည်း ညီမက Miss Grand Myanmar 2024 ပြိုင်ပွဲလည်းရှိတော့ အဲဒီဘက်လည်း အာရုံစိုက်နေရတယ်။ ဒီပွဲက မြန်မာနိုင်ငံကသူတွေက ကြည့်ရင်တော့ အရမ်းကြီးတဲ့ ပွဲမဟုတ်ဘူးလို့ ထင်ရင်ထင်လိမ့်မယ်။ တကယ်တမ်းကြ တရုတ်ပြည်မှာ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကျင်းပတဲ့ ပွဲဖြစ်တဲ့အတွက် ညီမအနေနဲ့ကတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြိုင်ပွဲအတွက်ကတော့ အကုန်အဆင်သင့်ဖြစ်နေပါပြီ”လို့ Miss Tourism World Myanmar 2023 အလှမယ် ဆုမြတ်ရည်က ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism World 2023 ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈၀ က အလှမယ်တွေနဲ့အတူ ဆုမြတ်ရည်က ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယခင် Miss Tourism World 2023 ပြိုင်ပွဲရက်ကိုတော့ နိုဝင်ဘာ ၁ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပမယ်လို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အလှမယ် ဆုမြတ်ရည်က Miss Grand Hakha 2024 အလှမယ်အနေနဲ့ Miss Grand Myanmar 2024 ပြိုင်ပွဲကြီးမှာလည်း ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ သူမဟာ Miss Grand Myanmar National Director ထူးအံ့လွင်ရဲ့ ခွင့်ပြုချက်နဲ့ Miss Tourism World 2023 ပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်တာလည်းဖြစ်ပါတယ်။

“ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံကို သူတို့ဘက်က သတိထားမိအောင် အကောင်းဆုံးကြိုးစားမယ်။ မြန်မာနိုင်ငံရဲ့ တွင်းထွက် ပစ္စည်းတွေ၊ ယဉ်ကျေးမှုပိုင်းကိုလည်း တရုတ်တွေက အရင်ကတည်းက စိတ်ဝင်စားကြတယ်။ သူတို့အတွက် လက်ဆောင်ပေးရမှာတွေလည်းရှိတော့ သူတို့စိတ်ဝင်စားတဲ့ တွင်းထွက်ပစ္စည်းတစ်ခုခုကို ပေးမယ်လို့တော့ စဉ်းစားထားတယ်။ နောက်ပြီး Miss Tourism World 2023 ပွဲဖြစ်တဲ့အတွက် ခရီးသွားပိုင်းနဲ့ ပတ်သက်ရင်လည်း မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေကိုလည်း ချပြမယ်။ National Costume ဆိုရင်လည်း ရှေးခေတ် မြန်မာမင်းလက်ထက်က ထူးခြားတဲ့ အရာတစ်ခု၊ အခုအချိန်ထိ ပြောစမှတ်တွင်နေတဲ့ အရာတစ်ခုကို ချပြသွားမယ်လို့ စဉ်းစားထားတယ်။ မြန်မာနိုင်ငံအတွက် ဆုတစ်ခုခုရအောင် ယူပြီးမှ ပြန်လာခဲ့မှာပါ။ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အချိန်မှာ အားပေးစေချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

အလှမယ်ဆုမြတ်ရည် ဟာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့သူဖြစ်ပြီး Miss Grand Chin Land ပြိုင်ပွဲမှာလည်း Miss Grand Hakha 2024 ဆု နဲ့ Beauty Face Of Angel’s Secret ဆု အပါအဝင် Title ဆု ၅ ဆုရရှိထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *