October 19, 2024

၂. ၁၁. ၂၀၂၃
Written by Ye Kyaw

မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များအတွက် ဓာတုဓာတ်ကြွင်း၊ မှိုအဆိပ်သင့်မှုနှင့် အဆိပ်သင့်ပစ္စည်းများ ကင်းရှင်းကြောင်း ISO ထောက်ခံချက်ရရှိခဲ့ပြီး အခြားသော နိုင်ငံများနှင့် ပြည်တွင်း Food Safety အတွက်ပါ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲစမ်းသပ်မှုလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ သိရသည်။

မြန်မာနိုင်ငံတွင် ယခင်က လယ်ယာထွက်ကုန်များစစ်ဆေးနိုင်ရန် ဓာတ်ခွဲခန်းတပ်ဆင်ပစ္စည်း၊ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အဆင်သင့်မဖြစ်သေးသည့်အတွက် ပြည့်စုံစွာဆောင်ရွက်နိုင်မှုမရှိသေးခဲ့သော်လည်း ယခုအခါတွင် ဓာတ်ခွဲစစ်ဆေးမှု အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်း (Agricultural Products Analytical Lab – APAL)သည် ISO 17025 ကို ရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံဘက်မှ အတည်ပြုလက်ခံသော ဓာတ်ခွဲခန်း ဖြစ်သည်။ အင်ဒိုနီးရှားအတွက်သာမက အခြားနိုင်ငံများနှင့် ပြည်တွင်း Food Safety အတွက် စစ်ဆေးမှုများကိုပါ ဆောင်ရွက်နိုင်သည့် နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲစမ်းသပ်မှုလုပ်ငန်းကို စတင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့သည့်အခါ ပိုးသတ်ဆေး၊ ဓာတ်ကြွင်းနှင့် မှိုအဆိပ်သင့်ရောဂါအန္တရာယ်ကင်းရှင်းစေရန် မြန်မာနိုင်ငံဘက်က အစဉ်တစိုက် ကြိုးပမ်းခဲ့ရာ ယခုအခါ ISO 17025 ထောက်ခံချက်ရရှိခဲ့ပြီဖြစ်ပြီး လယ်ယာထွက်ကုန် ပို့ကုန်လုပ်ငန်းများအနေဖြင့် ကောင်းမွန်သော ဈေးကွက်သို့ ဂုဏ်သိက္ခာရှိစွာ တင်ပို့ရောင်းချနိုင်ပြီဖြစ်သည်။

“အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများကို တင်ပိုမဲ့ ပစ္စည်းအားလုံးကို နမူနာယူပြီး စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးမရှိပါဘူး။ နိုင်ငံတကာမှာလည်း ဒီလိုပဲဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့တင်ပိုမယ့် ပို့ကုန်မှာ ကိုယ်စားပြုမဲ့ သီးနှံ Sample ပစ္စည်းကိုသာ ဓာတ်ခွဲခန်းကို ပေးပို့စေလိုပါတယ်။ ပို့ကုန် ကိုယ်စားပြုမယ့် သီးနှံ Sample ကို ယူတတ်ဖို့လိုပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောသည်။

နိုင်ငံတော်မှ ပြည်ပသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များကို နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည့်အတွက် တောင်သူ/လယ်သမားများအတွက်လည်း အဆင်ပြသကဲ့သို့ ပို့ကုန်လုပ်ငန်းရှင်များအတွက်လည်း အကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း UMFCCI ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

“အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ လူဦးရေများတဲ့အတွက် လယ်ယာထွက်ကုန်များ ပိုမိုလိုအပ်သလို၊ မိမိတို့နိုင်ငံအတွက် ဈေးကွက် ချဲ့ထွင်ရန်လည်းလိုအပ်ပါတယ်။ ကြီးမားသော ဈေးကွက်မှာ အရည်အသွေး ကောင်းမွန်စွာ ပေးပို့နိုင်ဖို့အတွက် အရေးကြီးပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် ယင်းတို့၏ Food Safety Law အရ လယ်ယာထွက်ကုန်များတင်ပို့သည့်အခါ Food Safety ကို ပထမဆုံး‌တောင်းဆိုသော နိုင်ငံဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ အသိအမှတ်ပြုဓာတ်ခွဲခန်းက အသိအမှတ်ပြု လက်မှတ်ရရန် တောင်းဆိုထားခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များတွင် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းဆိုင်ရာ လိုအပ်ချက်၊ အကြံပြုချက်များ အတွက် တွေ့ဆုံညှိနှိုင်းပွဲကို နိုဝင်ဘာလ ၁ ရက်တွင် UMFCCI ၌ ပြုလုပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *