၁ .၁၁. ၂၀၂၃
Written by Hey Mar
ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ပြီး ဇနီးက နေအိမ်ကဆင်းသွားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဥ်မှာ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂) ရပ်ကွက်နေ ဦးအေးတင် အသက်(၄၇)နှစ်ဟာ ၎င်းနေအိမ်ရဲ့ ထုတ်တန်းမှာ ပလပ်စတစ်ကြိုးနဲ့ ကြိုးဆွဲချလျက် ကြမ်းပြင်ပေါ် ဒူးထောက်လျက်သား အနေအထားနဲ့ ကွယ်လွန်နေတာကို အနီးအနားပတ်ဝန်းကျင်က ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားခဲ့တာကြောင့် ရဲတပ်ဖွဲ့က ရဲလုပ်ငန်းစဉ်အပြီးမှာ နေအိမ်ကနေ Deadbody ကို အုတ်တွင်းဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးဖို့ ရင်ခုန်သံ ရှင်သန်ရေး ပရဟိတ အသင်းကို စီစဥ် ညွှန်ကြားတာကြောင့် အသင်းက ပို့ဆောင်ကူညီပေးခဲ့တာလို့ သိရပါတယ်။
ရင်ခုန်သံရှင်သန်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူက “Deadbody အခြေအနေ မြင်ရတာက ညကတည်းက သေဆုံးတာ ဖြစ်ဖို့များတယ်။ ဘေးနီးဘေးနားက ပြောတာကတော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က သူတို့ လင်မယား စကားအကြီးအကျယ်များကြတယ်တဲ့။ နောက်ပြီး ဇနီးက ဆင်းသွားတယ်။ အိမ်ကိုပြန်မလာဘူး။အဲ့ဒါကြောင့် စိတ်ညစ်တာလားပေါ့ ပြောကြတယ်။ သေဆုံးသူက အမြန်လမ်းမီးရထားစီမံကိန်း လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတာ” လို့ MT News ကို ပြောပါတယ်။