MT News
၁. ၁၁. ၂၀၂၃
၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC–II) ညီလာခံခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
မြန်မာ့ ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ၁၉၉၃ ခုနှစ်မှစတင်ပြီး ၂၀၁၆ ခုနှစ်အထိ ၂၂ ကြိမ်တိုင် ကျင်းပခဲ့သည်။ ထို့နောက် ငါးနှစ်ကျော်ကာလရပ်တန့်ခဲ့ရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် ၂၀၂၂ ခုနှစ်တွင် ၂၃ ကြိမ်မြောက် ပြိုင်ပွဲကြီးအဖြစ် ပြန်လည်စတင် ကျင်းပခဲ့ရာ ယခုနှစ်ဆိုပါက ဒုတိယမြောက်အနေဖြင့် ၂၄ ကြိမ်အဖြစ် အောင်မြင်စွာကျင်းပခဲ့ပြီး ယခုလို ကောင်း မြတ်သည့် အချိန်အခါသမယတွင် ဆုချီးမြှင့်ပွဲ အခမ်း အနားကို မင်္ဂလာရှိစွာကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက မိန့်ကြားသည်။
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အကြောင်း ကြောင်းကြောင့် ရပ်နား ထားခဲ့ရသော်လည်း ယခုပြိုင်ပွဲကြီးကို အလေးထားမျှော်လင့်ကြသည့် သမ္ဘာရင့်ဝါရင့် ပညာရှင်ကြီးများနှင့် မျိုးဆက်သစ်အနုပညာရှင် မြောက်မြားစွာရှိနေကြသည်ကို တွေ့ရှိနိုင်ပြီး ၂၀၂၂ ခုနှစ်တွင် ၂၃ ကြိမ်မြောက်အဖြစ် ကျင်းပပြီးစီးသွားခဲ့သည့် ပြိုင်ပွဲကြီးတွင် ဗဟိုအဆင့်ပြိုင်ပွဲဝင် အင်အားသည် ၁၈၃၈ ဦး၊ ယခုနှစ် ၂၄ ကြိမ်မြောက် ဗဟိုအဆင့်တွင် ပြိုင်ပွဲဝင်အင်အား ၂၃၀၆ ဦးရှိသည့်အတွက် ယခင်နှစ် ကထက် ၄၆၈ ဦး ပိုမိုပါဝင်လာသည်ကိုတွေ့ရသဖြင့် ဝမ်းသာအားရဖြစ်မိပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။
ထို့ပြင် ယမန်နှစ်က ရွှေတံဆိပ်ဆွတ်ခူးရရှိသူ (၁၈၁)ဦး၊ ငွေတံဆိပ်ဆွတ်ခူးရရှိသူ (၁၄၃)ဦး၊ ကြေးတံဆိပ်ဆွတ်ခူးရရှိသူ (၁၂၁)ဦး၊ နှစ်သိမ့်ဆုရရှိသူ (၅၆)ဦးနှင့် အထူးဆု ရရှိသူ(၂)ဦး၊ စုစုပေါင်း (၅၀၃)ဦးရှိခဲ့ကာ ယခုနှစ်ပြိုင်ပွဲတွင် ဆုအရေအတွက်သည် ရွှေတံဆိပ် (၁၇၁)ဦး၊ ငွေတံဆိပ် (၁၅၆)ဦး၊ ကြေးတံဆိပ် (၁၅၆)ဦးနှင့် နှစ်သိမ့်ဆုနှင့် အထူးဆုများချီးမြှင့်ပေးမည်ဖြစ်သည့်အတွက် ယမန်နှစ်ကထက် ဆုအရေအတွက် ပိုမို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှုများမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၄၃)ဆု၊ မန္တလေးတိုင်းဒေသကြီးမှ (၈၁)ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ(၅၆)ဆု၊ ကရင်ပြည်နယ်မှ (၃၁)ဆု၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ(၃၂)ဆု၊ ပဲခူးတိုင်းဒေသကြီးမှ (၄၀)ဆု၊ မွန်ပြည်နယ်မှ (၃၂)ဆု၊ ရခိုင်ပြည်နယ် မှ(၁၇)ဆု၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁၉)ဆု၊ ကချင်ပြည်နယ်မှ (၁၉)ဆု၊ ကယား ပြည်နယ်မှ (၁၆)ဆု၊ ရှမ်းပြည်နယ်မှ (၁၅)ဆု၊ ချင်းပြည်နယ်မှ (၁၄)ဆုနှင့် မကွေးတိုင်း ဒေသကြီးမှ (၁၆)ဆုရရှိခဲ့ကြကြောင်း သတင်းရရှိသည်။