၁. ၁၁. ၂၀၂၃
Written by Nyein Kyaw
အစ္စရေးနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာ နိုင်ငံသားများအား ကယ်ထုတ်ရေးစီမံချက်အရ အစိုးရ အစီအစဉ်ဖြင့် ပထမအသုတ်တွင် လေးဦးခေါ်ဆောင်လာပြီးနောက် ယနေ့တွင် ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံသား သုံးဦးကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အောက်တိုဘာ ၃၁ ရက်တွင် တဲလ်အဗီးမှ လေကြောင်းခရီးစဉ် LY083 (ELAL) ဖြင့် ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် ယနေ့ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအမှတ် 8M334 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
နိုင်ငံတော်အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသား သုံးဦးတို့မှာ ကျောင်းသားနှစ်ဦးနှင့် စိုက်ပျိုးရေးလုပ်သား တစ်ဦး ပါဝင်ကြောင်း သိရသည်။
“ကျွန်တော်က တဲလ်အဗီးမြို့မှာ နေပါတယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ကျောင်းသွားတက်တာ လေးနှစ်ကျော်ရှိပါပြီ။ စစ်ဖြစ်တဲ့အချိန်မှာ သံရုံးက ပြန်ချင်နေတဲ့သူတွေကို စီစဉ်ပေးတယ်ဆိုတဲ့ ဖေ့ဘုတ်ပေ့ချ်ကိုတွေ့ပြီး ချိတ်ဆက်ပြီးပြန်လာတာပါ။ နိုင်ငံတော်အစိုးရက အစစအရာရာ ဆောင်ရွက်ပေးပါတယ်။ မြန်မာနိုင်ငံကိုသတိရပြီး ပြန်ချင်နေတဲ့အချိန် အခုလို ဆောင်ရွက်ပေးတာကြောင့် ကျေးဇူးတင်ပါတယ်” ဟု အစ္စရေးမှပြန်ရောက်လာသူ မောင်ခေါင်းဂျယ်က ပြောသည်။