မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ နယ်မြေဒေသကို အစွမ်းကုန် ကြိုးစားကာကွယ်မည်ဟု ဆို
၁. ၁၁. ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အချို့သောမီဒီယာများ၏ ဝါဒဖြန့်နေသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အားလုံးနီးပါး ထိန်းချုပ်ထားခြင်းဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် ဒေသသုံးခုသာ ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့က အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ဆင်ရေးစတင်ခဲ့ကာ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အောက်တိုဘာ ၂၈ ရက်တွင် အဆိုပါနေရာ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အောက်တိုဘာ ၂၉ ရက်တွင် သိန္နီ၊ လားရှိုး၊ နောင်ချို၊ နမ္မတူနှင့် ကိုးကန့်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၃၀ ရက်တွင် နမ့်ခန်း၊ မွန်ဂိုး၊ ကွတ်ခိုင်၊ လားရှိုးတို့တွင် လည်းကောင်း၊ အောက်တိုဘာ ၃၁ ရက်တွင် လားရှိုးဘက်တွင် ပစ်ခတ်မှုအနည်းငယ်နှင့် နိုဝင်ဘာ ၁ ရက် (ယနေ့)တွင် ကွမ်းလုံဒေသတို့တွင် အဓိကထိတွေ့မှုများရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီနေရာမှာတော့ ဝါဒဖြန့်မှုအမျိုးမျိုးတွေ့ရတာပေါ့။ ဝါဒ ဖြန့်မှုတွေ တွေ့ရတဲ့အခါမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေ အားလုံးနီးပါးလောက် ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ။ ပြီးရင် ဘယ်နေရာတွေ၊ ဘယ်နေရာတွေကို ဆက်လုပ်မယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေ တွေ့ရတယ်။ ဒီအချိန်မှာတော့ အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့နေရာတွေရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ် ဒီသုံးခုတော့ရှိပါတယ်” ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
MNDAA အနေဖြင့် ဒရုန်းဗုံးများတွင် တရုတ်စာသားပါ ဗုံးသီးများဖြင့် ပစ်ခတ်ခြင်းများ ဆောင်ရွက်ကာ သာမန်ကြည့်လျှင် နောက်ကွယ်တွင် တရုတ်နိုင်ငံက ပါနေသည့်သဖွယ် ဆောင်ရွက်မှုများရှိပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူလူထုများအကြား သဘောထားကွဲလွဲမှုများကိုပါ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တယ်။ လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့ လွတ်လပ်ရေး၊ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ နယ်မြေဒေသကို ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားကာကွယ်သွားမှာဖြစ်တယ်။ ပြည်သူလူထုကိုလည်း ဒီနေရာ အသိပေးချင်တာ ဒါမျိုးအရေးအခင်းတွေရှိပါတယ်။ ဒါက ပြည်သူလူထုရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ လိုအင်ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီအရေးနဲ့ ဘာမှ မဆိုင်ဘူး။ သူတို့မျိုးနွယ်စုအချင်းချင်း ဆယ်စုနှစ်နဲ့ချီပြီး လက်စားချေတဲ့ပြဿနာသာဖြစ်တယ်။ ဒီပြဿနာကို ဒီအချိန်မှာ အကြောင်းပြချက် ကောင်းကောင်းနဲ့ ဖုံးလွှမ်းဖို့လုပ်ဆောင်နေတာဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အသိပေးလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တချို့သောမီဒီယာများတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်မှစတင်၍ ယနေ့အထိ ၆ ရက်တာကာလအတွင်း တပ်မတော်၏ စစ်ရေးအရအရေးပါသော တပ်စခန်းပေါင်း ၉၀ ဝန်းကျင်အထိ သိမ်းပိုက်ထားနိုင်ခဲ့ကြောင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုနီးပါး စိုးမိုးထားနိုင်ပြီးဖြစ်ကြောင်း ဖော်ပြမှုများရှိခဲ့သည်။