October 19, 2024

◼️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတဟောင်းထရန့်နှင့်တွေ့ဆုံဆွေးနွေးလျှင် ၎င်းကလည်း အတိုက်အခံများနှင့် တွေ့ဆုံနိုင်မည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ တုံ့ပြန်

၂. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံတွင်ဖြစ်ပွားနေသော နိုင်ငံရေးဆူပူအကြမ်းဖက်မှုများ၌ အမေရိကန်အစိုးရက နောက်ကွယ်မှပါဝင်နေသည်ဟုအာဏာရ အဝါမီလိဂ်ပါတီခေါင်းဆောင်များက ယူဆလျက်ရှိကြရာ နိုဝင်ဘာ ၁ ရက်တွင်မူ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက “တကယ်လို့များ သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့မယ်ဆိုရင် ကျွန်မကလည်း အတိုက်အခံ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာပါ” ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။

ထိုပြောကြားချက်က ဘင်္ဂလားဒေ့ရှ်အစိုးရအား အတိုက်အခံများနှင့် ဆွေးနွေးညှိနှိုင်းရန် တွန်းအားပေးနေသည့် အမေရိကန်အစိုးရအား တိုက်ရိုက် ပြန်လည်တိုက်ခိုက်မှုတစ်ရပ်အဖြစ်လည်း ယူဆကြရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အတိုက်အခံ BNP ပါတီ၏ ဦးဆောင်မှုဖြင့် လက်ရှိဝန်ကြီးချုပ် ရှိတ် ဟာစီနာ၏ အစိုးရအဖွဲ့ကိုနုတ်ထွက်ရန်နှင့် ၂၀၁၄ ဇန်နဝါရီလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ကြားဖြတ်အစိုးရဖွဲ့၍ကျင်းပပေးရန် နိုင်ငံအနှံ့ အကြမ်းဖက်ဆန္ဒပြပွဲများ ပြုလုပ်နေသော်လည်း ဝန်ကြီးချုပ် ဟာစီနာကမူ အထွေထွေရွေးကောက်ပွဲမည်သို့ကျင်းပမည်ကို အစိုးရအနေဖြင့် အတိုက်အခံများနှင့် ၎င်းတို့၏ နိုင်ငံတကာမှဆရာကြီးများ တောင်းဆိုမှုကို လိုက်လျောမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဟာစီနာက အတိုက်အခံပါတီများအနေဖြင့် အောက်တိုဘာ၂၈ ရက်မှစတင်ခဲ့သည့် ဆန္ဒပြပွဲအကြမ်းဖက်မှုများကို ဆက်လက်ပြုလုပ်နေလျှင် ပြင်းထန်သော အကျိုးဆက်များကို ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း သတိပေးမှုလည်းပြုခဲ့သည်။

အဝါမီပါတီ အနိုင်ရပြီးအာဏာပြန်လည်ရခဲ့သည့် ပြီးခဲ့သော ရွေးကောက်ပွဲ နှစ်ခုတွင်လည်း အတိုက်အခံများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ရင်ဆိုင်တုံ့ပြန်ခဲ့သောကြောင့် ”သံမဏိ အမျိုးသမီး” ဟုပင် မကြာခဏ တင်စားခေါ်ဝေါ်ခံရသည့် ဟာစီနာက အစိုးရအနေဖြင့် အကြမ်းဖက်မှုများကို လက်ပိုက်ကြည့်နေမည်မဟုတ်ဟု ဆက်လက်သတိပေးခဲ့သည်။

လွှတ်တော်သက်တမ်းသုံးခုအနိုင်ရရှိကာ အာဏာရယူထားခဲ့သော အဝါမီလိဂ်ပါတီအနေနှင့် ဆက်လက် အာဏာရယူထားမည်ဆိုက နိုင်ငံမှာ တစ်ပါတီဒီမိုကရေစီစနစ်အောက်သို့ ကျရောက်သွားမည်ဖြစ်ပြီး အယောင်ဆောင်ဒီမိုကရေစီစနစ်သာ ဖြစ်လိမ့်မည်ဟု အတိုက်အခံ BNP ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သော မာဇာ အက်ဘားစ်က ပြောကြားခဲ့သည်။

အာဏာရ အဝါမီလိဂ်ပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင် တာရာနာ ဟာလင်းက “အတိုက်အခံတွေရဲ့အကြံက ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို လမ်းပေါ်မှာ‌ကြုံရတဲ့ အကြမ်းဖက်မှုတွေကြောင့် စိတ်ဓာတ်ကျ၊ အင်အားလျော့စေမယ်။ ပြီးတော့ တကယ်လို့များ ရဲတပ်ဖွဲ့က တုံ့ပြန်လာခဲ့ရင် သူတို့ရဲ့ အမေရိကန် ဆရာကြီးတွေက အဆင့်မြင့်ရဲအရာရှိတွေကို ပိတ်ဆို့မှုတွေလုပ်မယ်။ ကျွန်တော်တို့နိုင်ငံက အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ သမိုင်းအစဉ်အလာရှိတဲ့ ဂုဏ်ယူဖွယ် ဘင်္ဂါလီနိုင်ငံတစ်ခုဖြစ်လို့ အနောက်အုပ်စုဆရာကြီးတွေအဖို့ ကျွန်တော်တို့နိုင်ငံ့အရေးမှာပါဖို့မလိုဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အမေရိကန်ရော တရုတ်ပါ ဘယ်အင်အားကြီးနိုင်ငံရဲ့ ကိုလိုနီမှမဟုတ်ဘူး” ဟု ပြောကြားသွားခဲ့သည်။

အမေရိကန်နှင့် အနောက်နိုင်ငံများက ဟာစီနာ၏အစိုးရအား လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ အကြောင်းပြချက်များဖြင့် စွပ်စွဲတိုက်ခိုက်လျက်ရှိရာ အဝါမီလိဂ်ပါတီအနေဖြင့် ဆက်လက်အာဏာရယူထားနိုင်ရေး အိန္ဒိယအစိုးရကို အကူအညီတောင်းနေသည်ဟုပင် သတင်းများက ဆိုကြသည်။

Ref——Nation Herald

Leave a Reply

Your email address will not be published. Required fields are marked *