
ပြည်ပမှတင်သွင်းလာသည့် လျှပ်စစ်ယာဥ်နှစ်စီးကို တွေ့ရစဥ် (Photo- A Thaung)
၁၆. ၁၁. ၂၀၂၂
Written by Tha Doe
လျှပ်စစ်ယာဥ်တင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် ကျပ် သိန်း ၅၀၀ စပေါ်တင်ရန်နှင့် After Sales Service လုပ်ဆောင်နိုင်ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည့် အစပျိုးစမ်းသပ်ကာလ (Pilot Project) အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်သည့်အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
လျှပ်စစ်သုံးယာဉ်တင်သွင်းမည့်ကုမ္ပဏီသည် အရောင်းပြခန်းဖွင့်လှစ်ခွင့်လက်မှတ် ရရှိထားခြင်း မရှိသေးပါက မြန်မာနိုင်ငံသားက ဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ် ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ် (Brand) တစ်ခုစီ အတွက်ရောင်းချသည့် ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် အရောင်းအဝယ် သဘောတူစာချုပ် တင်ပြနိုင်သူဖြစ်ရန်နှင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးသည့် ကုမ္ပဏီဖြစ်ရန် လိုအပ်မည်ဖြစ်သည်။
ယင်းအပြင် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက်အတိုင်းသာ တင်သွင်းရမည့်အပြင် တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်သည့်အာမခံမှုအပိုပစ္စည်းများ (Spare Parts) ရရှိနိုင်မှုနှင့် သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်သည့် အစီအမံထားရှိရမည်ဖြစ်သည်။
လျှပ်စစ်သုံးယာဉ် တင်သွင်းရောင်းချမည့် ကုမ္ပဏီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုသည့်ဘဏ်တွင် မြန်မာငွေကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် (Bank Guarantee) တင်ပြရမည်ဖြစ်ကာ လျှပ်စစ်သုံးယာဉ်တင်သွင်းရောင်းချခွင့်ရသည့် ကုမ္ပဏီသည် တင်သွင်းလာသော ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့် ပါမစ် လျှောက်ထားရမည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးလက်မှတ်ရေးထိုးထုတ်ပြန်သည့် အဆိုပါ အမိန့်စာအရ လျှပ်စစ်သုံးယာဉ်ဟူသော စကားရပ်တွင် လျှပ်စစ်သုံးလူစီးယာဉ် နှင့် ခရီးသည်တင်ယာဉ်တို့ အကျုံးဝင်ပြီး BEV (Battery Electric Vehicle)ယာဉ်များသာဖြစ်ရမည်ကာ ယင်းအမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်စေမည်ဖြစ်သည်။