October 19, 2024

၂. ၁၁. ၂၀၂၃
Written by Pan Ei

လူတွေရဲ့ အာရုံစိုက်မှုကို ခံရလေ့ရှိတဲ့ အပြုအမူတွေ၊ လုပ်ရပ်တွေ လုပ်တတ်လွန်းလို့ လူသိများတဲ့ လူမှုကွန်ရက် X ရဲ့ ပိုင်ရှင် ကမ္ဘာကျော် ဘီလျံနာ အီလွန်မက်စ်က Wikipedia ကို Dickipedia လို့ နာမည်ပြောင်းရင် အမေရိကန် ဒေါ်လာ ၁ ဘီလျံ ပေးမယ်လို့ ပြောဆိုခဲ့ပြီးနောက် အခုအခါမှာလည်း Facebook ကိုပါ နာမည်ပြောင်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အီလွန်မက်စ်ဟာ Facebook ကို Faceboob လို့ အမည်ပြောင်းလဲဖို့အတွက် Meta ကုမ္ပဏီပိုင်ရှင် မာ့ခ်ဇူကာဘက်ကို ဒေါ်လာ ၁ ဘီလျံနဲ့ ကမ်းလှမ်းထားတာဖြစ်ပြီး “ဒါက ပိုကောင်းတဲ့ နာမည်ဖြစ်လိမ့်မယ်” လို့လည်း သူက X မှာ ပြောကြားခဲ့ပါတယ်။

ခုလို အီလွန်မက်စ်ရဲ့ လှောင်ပြောင် ကမ်းလှမ်းမှုနဲ့ X ပေါ်က ပိုစ့်ဟာ လူတွေရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး ပိုစ့်တင်ပြီး ၁၇ နာရီအတွင်း ကြည့်ရှုမှုပေါင်း သန်း ၅၀ အထိရှိခဲ့ကာ Like နှစ်သိန်းခွဲကျော်ရရှိခဲ့ပြီး X သုံးစွဲသူတွေက ဟာသမှတ်ချက်ပေါင်းများစွာ ပေးခဲ့ကြပါတယ်။

ခုလို နည်းပညာကုမ္ပဏီကြီးနှစ်ခုကြားမှာ ရန်လိုမှု၊ ရန်စမှုတွေ ဖြစ်ပွားနေတာဟာ အခုအကြိမ်က ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်ကလည်း မာ့ခ်ဇူကာဘက်နဲ့ အီလွန်မက်စ်တို့ကြား လှောင်အိမ်ထဲက ထိုးပွဲလုပ်မယ်လို့ သတင်းတွေဟာ လူတွေကြားမှာ စိတ်ဝင်စားစရာဖြစ်စေခဲ့ကာ သူတို့ရဲ့ ပွဲအတွက် UFC ဥက္ကဋ္ဌ Dana White ကပါ လက်ခံကျင်းပပေးမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မာ့ခ်ဇူကာဘက်က သူတို့ရဲ့လှောင်အိမ်တိုက်ပွဲအတွက် ရက်ချိန်းအတိအကျပေးခဲ့ပေမဲ့ အီလွန်မက်စ်က မလှုပ်ခဲ့တာကြောင့် မက်စ်ဟာ လှောင်အိမ်တိုက်ပွဲအတွက် အလေးအနက်မရှိဘူးလို့ ဇူကာဘက်က ပြောကြားခဲ့ပြီး အီလွန်မက်စ်ကတော့ ဘယ်စည်းမျဉ်းအောက်မှာဖြစ်ဖြစ် ဘယ်နေရာမှာမဆို တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်လို့ အပြောနဲ့သာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Ref; Mint

Leave a Reply

Your email address will not be published. Required fields are marked *