MT News
Written by Min Mahar
စစ်ကိုင်းမြို့နယ်အတွင်းရှိ တစ်အိမ်တည်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံရွှေမြင့် နာရေးအိမ်တွင်ရှိနေစဥ် PDF များက ဒလန်ဟု စွပ်စွဲကာ နဖူးတည့်တည့်သို့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက်က သိရသည်။
” မနေ့ည ၁၂ နာရီဝန်းကျင်လောက်က အုပ်ချုပ်ရေးမှူး ဦးစံရွှေမြင့် ရွာထဲက ဦးထွန်းကြည့်ရဲ့ နာရေးအိမ်ကိုရောက်နေချိန်မှာ မျက်နှာဖုံးတွေနဲ့ လူငယ် ၇ ယောက်လောက်ရှိမယ်။ ဆိုင်ကယ်တွေနဲ့ရောက်လာပြီးတော့ အုပ်ချုပ်ရေးမှူးကို ဒလန်က အဲဒီလူလို့ ပြောပြီး သေနတ်နဲ့ နဖူးကို ပစ်သွားခဲ့တယ်။ အုပ်ချုပ်ရေးမှူးလည်း နဖူးပွင့်ထွက်သွားပြီး နေရာမှာတင် ပွဲချင်းပြီးသေသွားခဲ့တယ်။ ဒီနေ့မနက် ၉ နာရီလောက်မှ စစ်ကိုင်းနယ်မြေရဲစခန်းကို လူမသိအောင် သွားအကြောင်းကြားတော့လည်း ဘယ်သူမှရောက်မလာသေးဘူး။ အခုက ဒီနားဝန်းကျင်မှာ တစ်ခုခုဖြစ်ရင် ဘယ်ကိုတိုင်တိုင် တန်းပြီးရောက်မလာနိုင်ကြဘူး။ ကျီးလန့်စာစားနေရတဲ့ဘဝတွေကိုရောက်နေကြပြီ။ ဘယ်သူ့အားကိုးလို့ အားကိုးရမှန်းမသိတော့တဲ့ဘဝကို စစ်ကိုင်းမြို့နယ်အတွင်းကျေးရွာအချို့တွေမှာ ဖြစ်နေကြရပြီ” ဟုအဆိုပါ ကျေးရွာနေပြည်သူတစ်ဦးက နိုဝင်ဘာလ ၁၅ ရက်တွင် MT New သို့ ပြောသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၄ ရက် ညည့်နက်ပိုင်း ၁၂ နာရီဝန်းကျင်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ တစ်အိမ်တည်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံရွှေမြင့် ကျေးရွာအတွင်းနာရေးအိမ်သို့ရောက်ရှိနေစဉ် PDF အဖွဲ့မှ အမည်မသိ လူငယ် ၇ ဦးက မျက်နှာကိုမက်များအုပ်ထားပြီး ဆိုင်ကယ်များဖြင့်ရောက်ရှိလာကာ အုပ်ချုပ်ရေးမှူးကို ဒလန်ဟု စွပ်စွဲပြောဆိုကာ နဖူးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ရာ နေရာတွင်ပင် နဖူးပေါက်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို စစ်ကိုင်းနယ်မြေရဲစခန်းသို့ နိုဝင်ဘာ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် သေဆုံးသွားသည့်အုပ်ချုပ်ရေးမှူးနှင့်အမျိုးနီးစပ်သူတစ်ဦးက ဆက်သွယ်အကြာင်းကြားခဲ့သော်လည်း နယ်မြေလုံခြုံရေးအခြေအနေအရ သွားရောက်နိုင်ခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အချိန်အထိ PDF များမှ ဒလန်ဟုစွပ်စွဲပြောဆိုကာ သတ်ဖြတ်ခဲ့မှုကြောင့် USDP ပါတီဝင်နှင့် ဝန်းရံသူ ၅ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ၊ ယခုဖြစ်စဥ်အပါအဝင် အုပ်ချုပ်ရေးမှူး ၃ဦး (သေဆုံး)၊ ၄ ဦး (ဒဏ်ရာရ)၊ ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦး (သေဆုံး)၊ ၃ ဦး (ဒဏ်ရာရ)၊ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး(သေဆုံး)၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး (ဒဏ်ရာရ)၊ သတင်းပေး(ဒလန်)ဟု စွပ်စွဲ၍ သတ်ဖြတ်ခံသည့်အရပ်သား ၄၉ ဦး (သေဆုံး)၊ ဒဏ်ရာရရှိသူ ၁၅ ဦး၊ စုစုပေါင်း ၆၂ ဦး (သေဆုံး)၍ ၃၂ ဦး ဒဏ်ရာရရှိပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။