October 19, 2024

၁. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန် ကြိုးပမ်းနေသော်လည်း အလား အလာနည်းပြီး နီးစပ်မှုမရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက ပြီးခဲ့သောရက်ပိုင်းတွင် ကျင်းပခဲ့သည့် 2023 ASEAN Media Forum တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အာဆီယံအဖွဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက်ပိုင်းတည်းက မြန်မာ့နိုင်ငံရေး အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ကြိးပမ်းခဲ့ရာ ဇန်နဝါရီလတည်းက လက်ရှိအချိန်အထိ မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့စည်းများနှင့် အကြိမ်ပေါင်း ၁၈၀ ကျော်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသည့်အဖွဲ့အစည်းများနှင့်ဆွေးနွေးခြင်းသည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ အင်ဒိုနီးရှား အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့သောအဖွဲ့အစည်းများထဲတွင် SAC အဖွဲ့ နှင့် NUG တို့လည်း ပါဝင်ခဲ့ကြောင်း၊ ဆွေးနွေးမှုများလုပ်ဆောင်ရာတွင် လူချင်းတွေ့ဆုံဆွေးနွေးခြင်း၊ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခြင်း၊ ဖုန်းဆက်ကာ ဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်ပြီး ပြန်လည်တုံ့ပြန်မှုများကို စဉ်းစားသုံးသပ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုများ မကြာမီဖြစ်လာရန် အလားအလာနည်းကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ” တွေ့ဆုံဆွေးနွေးခဲ့ရာမှာ NUG အဖွဲ့နဲ့ SACအဖွဲ့တို့ကြောင့် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်လာဖို့ အလားအလာနည်းနေပါတယ်။ ကျွန်မတို့ဟာ တွေ့ဆုံဆွေးနွေးရာမှာအဖွဲ့အစည်းတွေကို မြန်မာနိုင်ငံရှိအဖွဲ့အစည်းတွေကြား ကြိုတင်သတ်မှတ်ချက်မပါဘဲ တွေ့ဆုံဆွေးနွေးဖို့ လိုလားနေသလားဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီကမ်းလှမ်းမှုကိုသူတို့ဘက်က ပြန်တုံ့ပြန်ရာမှာ အပြုသဘောဆောင်တဲ့တုံပြန်သံမျိုး မကြားရဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှု တံခါးပိတ်သွားတယ်လို့ သတ်မှတ်လို့မရသေးဘူး။ ကျွန်မတို့ဟာ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဆီကိုရောက်ရှိစေဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်ထိန်းသိမ်းသွားရမှာဖြစ်တယ်” ဟု ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခွင့် နှစ်လနီးပါးကျန်ရှိနေပြီး လာမည့်နှစ်တွင် လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက “ကျွန်မတို့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူခွင့်ပြီးဆုံးချိန်အထိ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ် ဆောင်သွားမှာပါ။ အင်ဒိုနီးရှားရဲ့မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခွင့် သက်တမ်းပြီးဆုံးသွားမှုက ရပ်တန့်နိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။

Ref; jakartaglobe

Leave a Reply

Your email address will not be published. Required fields are marked *