October 19, 2024

၂. ၁၁. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုရှင်အဖွဲ့ Blackpink ရဲ့ အဖွဲ့ဝင် လီဆာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဆက်စီအကတွေနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Crazy Horse Paris မှာ ဖျော်ဖြေခဲ့တာကြောင့် တရုတ်လူမှုကွန်ရက်မီီဒယာဖြစ်တဲ့ Weibo က လီဆာရဲ့ တရားဝင်အကောင့်ရော လီဆာရဲ့ ပရိသတ်အကောင့်တွေကိုပါ ဖယ်ရှားပစ်ခဲ့ပါတယ်။

တောင်ကိုရီးယားက အနုပညာရှင်တွေအတွက် ကြီးမားတဲ့ ဈေးကွက်ဖြစ်တဲ့ တရုတ်မှာ တောင်ကိုရီးယားက အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး တင်းကျပ်မှုတွေ ပြုလုပ်လေ့ရှိသလို အခုအခါမှာလည်း ရှေးရိုးဆန်တဲ့ သဘောထားတွေ ပိုမိုလွှမ်းမိုးထားတဲ့ အာရှရဲ့ တချို့နေရာတွေမှာ အငြင်းပွားဖွယ်ရာတွေကို ဖြစ်စေခဲ့တဲ့ Crazy Horse Paris မှာ ဖျော်ဖြေခဲ့တာကြောင့် လီဆာရဲ့ တရားဝင်အကောင့်ကို ပိတ်သိမ်းခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-11-02_11-26-08.jpg

ဒါ့အပြင် နာမည်ကြီး ထုတ်ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ BVLGARI နဲ့ CELINE တို့ကလည်း Weibo မှာ လီဆာနဲ့ ပုံတွေကို ဖျက်ပစ်တာတွေလည်းရှိနေပါတယ်။ ဒါတင်မကသေးဘဲ လီဆာ Crazy Horse Paris မှာ ဖျော်ဖြေခဲ့ချိန်တုန်းက Paris Fashion Week ကို တက်ရောက်နေခဲ့တဲ့ တရုတ်နိုင်ငံက နာမည်ကြီးမင်းသမီး Angelababy ကိုလည်း လီဆာရဲ့ ရှိုးပွဲသွားခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့အတူ တရုတ်ဆိုရှယ်မီဒီယာတွေကနေ ဖယ်ရှားခံထားရပါတယ်။

တရုတ်မှာ ပရိသတ်ပေါင်းများစွာရှိတဲ့ လီဆာရဲ့ တရားဝင်အကောင့် ဖယ်ရှားခံရတဲ့အပေါ် အမြင်မတူတဲ့ ပရိသတ်တွေအချင်းချင်းကြား တင်းမာမှုတွေရှိနေပြီး Blackpink ရဲ့ တခြားအဖွဲ့ဝင်တွေဖြစ်တဲ့ Jisoo၊ Jennie နဲ့ Rose တို့ရဲ့ Weibo အကောင့်တွေက ရှိနေဆဲ ဖြစ်ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *