October 19, 2024

၂. ၁၁. ၂၀၂၃
Written by Ye Kyaw

အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို နိုဝင်ဘာ ၁ ရက်မှစတင်၍ ဒီဇင်ဘာလ ၃၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုရှိ မြို့နယ် ၂၁၄ မြို့နယ်မှ ကျေးရွာအုပ်စု၊ ရပ်ကွက်များတွင် မြေပြင်စာရင်းကောက်ခံသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ခုနှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်အထိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက နှစ်စဉ်ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၄ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ တိရစ္ဆာန်ကောင်ရေစာရင်းအား မြေပြင်တွင် ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ စာရင်းကိန်းဂဏန်း တွက်ချက်နည်းဖြင့်သာ စာရင်းပြုစု မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှသာ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်ဆောင်ရွက်ခဲ့ပြီး တိရစ္ဆာန်ကောင်ရေ စာရင်းပြောင်းလဲမှုကိုသိရှိနိုင်ရန် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကို နှစ်စဉ်ကောက်ယူခဲ့ကာ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကို ငါးနှစ်တစ်ကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်သည်။

ထို့ကြောင့် မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော အခြေခံစာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်စေရန်အတွက် ၂၀၂၃ ခုနှစ်တွင် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒုတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း စားရေရိက္ခာဖူလုံရေး ၊ ပိုကုန်မြှင့်တင်ရေးနှင့် မွေးမြူရေး၊ တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် စနစ်တကျစီမံခန့်ခွဲနိုင်ရန် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မှန်ကန်သော တိရစ္ဆာန်ကောင်ရေစာရင်းပေးကြရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

အဆိုပါ အစီအစဉ်အရ နိုဝင်ဘာလ ၁ ရက်မှစတင်၍ နေပြည်တော်ကောင်စီနယ်မြေ၊ မြို့နယ် ၈ မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာပေါင်း ၂၇၇ ခု၌ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို တစ်ပြိုင်တည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *