MT News
Written by Min Mahar
အမရပူရမြို့နယ်တွင် ခရီးသွားပြည်သူများ သောက်သုံးရန်ပြုလုပ်ထားသည့် ရေအိုးစင်ရှေ့သို့ အမည်မသိအမျိုးသားနှစ်ဦးမှ လက်ပစ်ဗုံးဖြင့်ပစ်ခတ်မှု ယမန်နေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒေါ်အေးကြင်လမ်းဆုံက သုံးရာသီမွေ့ရာဆိုင်ရှေ့မှာရှိတဲ့ ခရီးသွားတွေ သောက်သုံးဖို့လုပ်ထားတဲ့ ရေအိုးစင်ရှေ့ကို Scoopy အနက်ရောင်ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူငယ်၂ ဦးကနေပြီး လက်ပစ်ဗုံး ၁ လုံး နေ့လည် ၃ နာရီလောက်က လာပစ်သွားတယ်။ တော်သေးလို့ အဲဒီဗုံးက မပေါက်ကွဲသွားလို့ ခဏနေတော့ ရဲနဲ့ တပ်ကရောက်လာပြီး မပါက်ကွဲအောင်လုပ်တာ မရလိုက်ဘူးထင်တယ်။ အဝေးကနေပြီးတော့ ဘာလုပ်လိုက်လည်းမသိဘူး။ ပေါက်ကွဲသွားပြီး ရှင်းလင်းသိမ်းဆည်းသွားကြတာတွေ့လိုက်တယ်။ ဘာမှတော့အထိအခိုက်မရှိသွားဘူး” ဟု လက်ပစ်ဗုံးပစ်ခံရသည့်နေရာအနီးတွင် နေထိုင်သူတစ်ဦးက MT New သို့ ပြောသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးအုပ်စု၊ ရွှေဂဲရပ်ကွက်၊ စစ်ကိုင်းကမ်းနားလမ်း ၊ ဒေါ်အေးကြင်လမ်းဆုံ (ဒေါ်အေးကြင်ထမင်းဆိုင်အားအစွဲပြု၍ ဒေသအခေါ်)ရှိ သုံးရာသီမွေ့ယာဆိုင်ရှေ့တွင်ရှိသော ခရီးသွားအများပြည်သူများ သောက်သုံးရန်အတွက်ပြုလုပ်ထားသည့် သောက်ရေအိုးစင်ရှေ့ကို စစ်ကိုင်းဘက်မှ မန္တလေးဘက်သို့ Scoopy အနက်ရောင်ဆိုင်ကယ်စီးနင်းလာသော အမည်မသိ လူငယ်အရွယ် ၂ ဦးမှ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ရာ ၎င်းလက်ပစ်ဗုံးမှာ ပေါက်ကွဲမှုမရှိဘဲ ကျရောက်ခဲ့သောကြောင့် ဒေသခံများမှ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ရောက်ရှိလာပြီး ၎င်းလက်ပစ်ဗုံး(၁)လုံးအား ယမ်းပျော့ကပ်ကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သောအသိုင်းအဝိုင်းထံမှ သိရသည်။
ပစ်ပေါက်သွားသောသူများအား ဖမ်းဆီးရမိရေးကို ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်းနှင့် မည်သည့်အဖွဲ့အစည်းက လာရောက်ပစ်ပေါက်သွားကြောင်း မသိရှိရသေးပေ။