၁. ၁၁. ၂၀၂၃
Written by Nay Aung
အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့သည် အောက်တိုဘာ ၃၁ ရက်နေ့က မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် လုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် လုပ်ငန်းအဖွဲ့စည်း သုံးခုနှင့် SAC အဖွဲ့နှင့်ဆက်နွယ်သူ ၅ ဦးကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း သိရသည်။အမေရိကန်၏ပိတ်ဆို့မှုထဲတွင် အမေရိကန်နိုင်ငံသားများအနေဖြင့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး MOGE အဖွဲ့နှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုများ မလုပ်ဆောင်ရန် တားမြစ်ထားကြောင်း သိရသည်။ အမေရိကန်နိုင်ငံသားများအနေဖြင့် MOGE နှင့် ငွေကြေးချေးငှားခြင်း၊ အကောင့်ဖွင့်ခြင်း၊ အာမခံပေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းစသော ဘဏ္ဍာရေးဝန်ဆောင်မှုများထဲတွင်ပါဝင်လုပ်ကိုင်ခြင်းမျိုးမလုပ်ဆောင်ရန် စည်းကမ်းသတ်မှတ်ခဲ့ကြောင်းသိရသည်။ အမေရိကန်အစိုးရအနေဖြင့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသော အမေရိကန်နိုင်ငံသားများကို ပိုင်ဆိုင်မှုသိမ်းဆည်းခြင်း၊ ကုန်သွယ်မှုလုပ်ခွင့်ပိတ်ပင်ခြင်း၊ ဘဏ်စနစ်မှပိတ်ပင်ခြင်းစသည့် အရေးယူမှုများထပ်မံလုပ်ဆောင်သွားဖွယ်ရှိနေသည်။
အမေရိကန်နိုင်ငံအပြင် ဗြိတိန်အစိုးရကလည်း လေယာဉ်အစိတ်အပိုင်းပစ္စည်းများအပါအဝင် တားမြစ်ထားသောကုန်စည်များကို ကူညီထောက်ပံ့ပေးမှုများကြောင့် SAC အဖွဲ့ နှင့်ဆက်နွယ်သည့် လူပုဂ္ဂိုလ် ၅ ဦး၊ အဖွဲ့အစည်းတစ်ခုတို့ကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် ကနေဒါအစိုးရကလည်း မြန်မာ SAC အဖွဲ့ကို ကူညီထောက်ပံ့ပေးမှုများအတွက် လူပုဂ္ဂိုလ် ၃၉ ဦးနှင့် အဖွဲ့အစည်း၊ ကုမ္မဏီ၊ ၂၂ ခုကို ပစ်မှတ်ထားပိတ်ဆို့မှုထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသည် မြန်မာနိုင်ငံအပေါ် ထပ်မံချမှတ်ခဲ့သော အမေရိကန်အစိုးရ၏ပိတ်ဆို့မှုများနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများစတင်ဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ် နောက်ပိုင်းတည်းက အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့သည် မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း သိရသည်။
Ref; Reuters