၁. ၁၁. ၂၀၂၃
Written by Ye Kyaw
မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပိတ်ထားသည့်အတွက် ပြည်တွင်း ဖရဲစိုက်တောင်သူများ ဘားအံ၊ မော်လမြိုင် လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများထံမှ သိရသည်။
“အခုတော့ တရုတ်ဘက်က ဈေးလေးကကောင်းလာတော့ အဲဒီဘက်ကိုပို့တာ။ ကားလမ်းကြောတွေက သွားလို့မရတော့ဘူးဆိုတော့ ဒီဘက် ဘားအံတို့ မော်လမြိုင်တို့က ပွဲစားတွေကို ချိတ်ပြီး ထိုင်းဘက်ကို ရောင်းရတယ်” ဟု မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖရဲစိုက်တောင်သူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်နေသည့်အတွက် မြန်မာ-တရုတ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဝန်ထမ်းများအလုပ်မဆင်းနိုင်ဘဲ ကုန်သွယ်ရေးလုပ်ငန်းများ လုံးဝရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်တက်လာသည့် ဖရဲ၊ သခွားမွှေးကုန်ကားများ လမ်းတွင်အချိန်ကြာမြင့်စွာပိတ်မိ၍ သစ်သီးများပုပ်သိုးကာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။
“သူ့ရက်နဲ့ သူမရောက်ရင် ပုပ်ကုန်မှာ အဲဒီကျရင် တောင်သူပဲ ပြန်ခံရတာ။ တချို့ဆို အသီးဖိုးရမယ့်ဟာကဝေးပြီး အိမ်ကနေ ကားခတွေ၊ ဘာတွေ ပြန်ထောက်ရတဲ့ အနေအထားတွေရှိတယ်” ဟု ၎င်းက ပြောသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်သို့ သစ်သီးများတင်ပို့ရာတွင် ကုန်စည်ဒိုင်ရောက်မှ ဈေးနှုန်းဖြတ်သည့်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရာတွင် မတင်ပို့ခင်ကတည်းက ဈေးနှုန်းဖြတ်ခြင်းဖြစ်သည်။ ထို့ကြောင့် တရုတ်သို့ တင်ပို့ရာတွင် ခရီးစဉ်ကြန့်ကြာမှုမရှိပါက ဈေးနှုန်းပိုရသော်လည်း ကြန့်ကြာမှုများ ဖြစ်ပေါ်လာပါက တောင်သူကသာ ဆုံးရှုံးခြင်းဖြစ်သည်။
“ဈေးနှုန်းကတော့ ထိုင်းဘက်ကကျတော့ ဒီမှာကတည်းက ဈေးဖြတ်တဲ့ပုံစံနဲ့ သွားတယ်။ မူဆယ် တရုတ်ဘက်ကျတော့ ကုန်စည်ဒိုင်ရောက်မှ ဈေးဖြတ်တာ အဲဒီဖြတ်ဈေးက မထင်အောင်လည်း ထက်ဝက်မကလည်း မြတ်ချင်မြတ်တာပေါ့။ ကားပိတ်သွားတာမျိုးနဲ့ အသီးပယ်တာ များတာမျိုးဆို ဒီဘက်ကလောက် မကိုက်ဘူး” ဟု ၎င်းက ပြောသည်။
မန္တလေးမြို့အခြေစိုက် သစ်သီးကုန်စည်ဒိုင်များအနေဖြင့်လည်း မူဆယ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ သစ်သီးများတင်ပို့မှု လက်ရှိအချိန်ထိ မဆောင်ရွက်သေးကြောင်း ခွာညိုသစ်သီးပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများမဖြစ်ပွားမီ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်အထိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးခစန်းမှ တရုတ်သို့ တင်ပို့မှုတွင် အရောင်း အဝယ်ကောင်းခဲ့ပြီး ဖရဲ (ရှမ်းသီး) တစ်တန်လျှင် တရုတ်ငွေ ယွမ် ၃၅၀၀ မှ ၄၀၀၀ နှင့် ဗမာဖရဲသီး တစ်တန်လျှင် တရုတ်ငွေ ယွမ် ၂၇၀၀ မှ ၃၂၀၀ ကြားအထိ ရရှိခဲ့ကြောင်း ခွာညိုသစ်သီးပွဲရုံမှ သိရသည်။