၁.၁၁.၃၀၂၃
Written by Hey Mar
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာ၊ ရပ်ကွက် (၂)မှာ ဆေးဆိုင်နဲ့ တွဲလျက် ငွေလွှဲငွေထုတ်ဝန်ဆောင်မှု လုပ်ငန်းပါ တွဲဖက်လုပ်ကိုင်နေတဲ့ ဆိုင်ကို အောက်တိုဘာ ၃၁ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်က အမည်မသိ အမျိုးသားတစ်စုက ဓားပြတိုက်လုယက်သွားတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။
ဖြစ်စဥ်မှာ အဆိုပါဆေးဆိုင်ကို မျက်နှာမှာ Mask တပ်ကာ ဦးထုပ်ဆောင်းထားတဲ့ အမည်မသိလူ(၇)ဦးက လင့်ခရူဇာကားနဲ့ ရောက်ရှိလာပြီး သေနတ်ကိုင်ထားသူတစ်ဦးအပါဝင်လေးဦးက ဆိုင်အတွင်းဝင်ရောက်ကာ ဓားကိုင် ထားသူတွေက အပြင်က စောင့်ကြပ်ပေးခဲ့ပါတယ်။ အဲဒီ နောက် ငွေလွှဲငွေထုတ် လုပ်ငန်းက လွှဲအပ် ဝန်ဆောင်မှုပေးနေတဲ့ ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ဓားပြတိုက်လုယက်ယူဆောင်ပြီး စီးနင်းလာတဲ့ ကားနဲ့ ပြန်လည် မောင်းနှင်ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
အဆိုပါငွေလွှဲငွေထုပ်ဝန်ဆောင်မှုလုပ်ငန်းက ငွေတွေ ဓားပြတိုက် လုယက်ယူဆောင်ထွက်ပြေးသွားသူတွေကိုဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပိတ်ဆို့ရှာဖွေစုံစမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။