Writing By Treasure
၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ့် ဖူဆယ်အာရှဖလားပြိုင်ပွဲရဲ့ မဲအိုးဆီဒင်သတ်မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ရာမှာတော့ မြန်မာဖူဆယ်အသင်းဟာ မဲအိုး ၃ မှာ ပါဝင်နေပါတယ်။
၂၀၂၄ ဖူဆယ်အာရှဖလားပြိုင်ပွဲရဲ့ မဲအိုး ဆီဒင်သတ်မှတ်ချက်တွေအရ မဲအိုး ၁ မှာ အိမ်ရှင် ထိုင်းအသင်း၊ ဂျပန်အသင်း၊ အီရန်အသင်း၊ ဥဇဘက်ကစ္စတန်အသင်းတို့ ပါဝင်နေသလို မဲအိုး ၂ မှာ တာဂျစ်စတန်အသင်း၊ ကူဝိတ်အသင်း၊ ဗီယက်နမ်အသင်း၊ ဆော်ဒီအာရေဗျအသင်းတို့ ပါဝင်ပါတယ်။ မဲအိုး ၃ မှာတော့ အီရတ်အသင်း၊ ဘာရိန်းအသင်း၊ တောင်ကိုရီးယားအသင်း၊ မြန်မာအသင်းတို့ ပါဝင်နေပြီး မဲအိုး ၄ မှာ အာဖဂန်နစ္စတန်အသင်း၊ ကာဂျစ်စတန်အသင်း၊ ဩစတြေးလျအသင်း၊ တရုတ်အသင်းတို့ ပါဝင်နေပြီး အုပ်စုမဲခွဲပွဲအခမ်းနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
မြန်မာဖူဆယ်အသင်းဟာ ၂၀၂၄ ဖူဆယ်အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ခြေစစ်ပွဲအဆင့်မှာ တာဂျစ်စတန်အသင်း၊ အိန္ဒိယအသင်း၊ ပါလက်စတိုင်းအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး တာဂျစ်စတန်အသင်းကို အရေးနိမ့်ခဲ့ရပေမယ့် ကျန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အကောင်းဆုံး အုပ်စုဒုတိယ(၇)သင်းထဲမှာပါဝင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်လာခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ့်၂၀၂၄ ဖူဆယ်အာရှဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မယ့် အသင်းလေးသင်းဟာ ဥဇဘက်ကစ္စတန်နိုင်ငံမှာကျင်းပသွားမယ့် ဖူဆယ်ကမ္ဘာ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။