၁ .၁၁. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းကုန်းတံတားပေါ်ကနေ အမျိုးသမီးငယ်တစ်ဦး ခုန်ချဖို့ ကြိုးပမ်းတာကို စမ်းချောင်း အရန်မီးသတ်တပ်ဖွဲ့က နှစ်သိမ့်ကယ်တင်ပေးခဲ့နိုင်တယ်လို့ စမ်းချောင်းအရန်မီး သတ်တပ်ဖွဲ့ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ဖြစ်စဥ်ဖြစ်ပွားခဲ့တာက အောက်တိုဘာ ၃၁ ရက် ည ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီးအသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်က ပြည်သူ့ရင်ပြင်ဘက်တံတားအဆင်းဘက်အခြမ်း အမြင့်ပေ ၈၀ ကျော်လောက်ရှိတဲ့နေရာက တံတားလက်ရမ်းကို ကျော်ပြီး လမ်းမီးတိုင်ကို ဖက်တွယ်ရပ်နေတာကို မြင်တွေ့တဲ့ အငှားယာဥ်မောင်းတစ်ဦးက စမ်းချောင်းမီးသတ်ကို လာရောက်ပြောပြခဲ့တာကြောင့် အမြန်သွားရောက်ကူညီ ကယ်ဆယ်ခဲ့တာလို့ သိရပါတယ်။
“ကျွန်တော်တို့ မြို့နယ်မီးသတ်စခန်းရောက်ရှိနေချိန် Taxi သမားတယောက်လာပြောတာနဲ့ အမြန်ဆုံးသွားရောက်ပြီး ကျွန်တော်တစ်ယောက်တည်း အနားကိုအရင်ဆုံးရအောင် ချဉ်းကပ် အားပေးစကားအချိန်ပေးပြောနေချိန် အခြားအဖွဲ့တွေက မတော်တဆ ပြုတ်ကျခဲ့ရင် ကယ်ဆယ်နိုင်ဖို့ တံတားအောက်မှာ ကူညီပြင်ဆင်နေကြတာပါ။ အောက်ကလည်း အဆင်သင့်ဖြစ်ပြီဆိုမှ၊ ခုန်ချခါနီးကိုင်ထားတဲ့ သူ့လက်ဆွဲကိုင်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်ဗျ” လို့ အမျိုးသမီးငယ်ကို နှစ်သိမ့်ကယ်တင်ခဲ့တဲ့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါ အမျိုးသမီးငယ်က မိသားစု ပြဿနာကြောင့် စိတ်ဒုက္ခရောက်ကာ ကြံမိကြံရာ ကြံစည်တာဖြစ်ပြီး တခြား အခြေအနေတွေကိုတော့ တာဝန်ရှိသူတွေက အမျိုးသမီးရဲ့ ကိုယ်ရေးကိုယ်တာကို ငဲ့ကွက်ကာ ထုတ်ဖော် ပြောဆိုလိုမှုမရှိဘူးလို့ MT News က မေးမြန်းရာမှာ ဖြေကြားပါတယ်။