၁. ၁၁. ၂၀၂၃
Written by Nay Moe
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးအပါအဝင် လူလေးဦးကို PDF များ သတ်ဖြတ်ကာ ဆိုင်ကယ်နှင့်ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသတွင်းသတင်းများအရ သိရသည်။
ဖြစ်စဥ်များမှာ အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီ ၅၀ တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်ကျော်(၅၈)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ခင်စန်းဝင်း(၅၇)နှစ်နှင့်အတူ ၎င်း၏နေအိမ်မှ ကျောက်ပုံကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ချောင်းဂွ(ကေ)ကျေးရွာနှင့် ကျွဲတဲကုန်းကျေးရွာကြား ကျေးရွာ ချင်းဆက်လမ်းအရောက် အသင့်စောင့်ဆိုင်းနေသည့် PDF ငါးဦး (စိစစ်ဆဲ)က ဦးမြင့်ကျော်အား သေနတ်ဖြင့် ပစ်ခတ်ကာ ၎င်းစီးနင်းလာသည့် Honda Dream 125 အနက်ရောင်ဆိုင်ကယ်နှင့် ဖုန်းတစ်လုံးအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ကျော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ပေလည်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ မခင်ယုမော်(၂၁)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF ခုနစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး မခင်ယုမော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ၎င်းဝတ်ဆင်ထားသည့် ရွှေထည် ပစ္စည်းများအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် မခင်ယုမော်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ငွေသား ၁၀ သိန်းခန့်လည်း လုယက်သွားပြီး ထို PDF ၇ ဦးတွင် ဆင်ပေါင်ဝဲမြို့နယ်၊ ငှက်ပျောကျင်းရွာမှ PDF များပါဝင်သည်ဟုလည်း သိရသည်။
ယင်းဖြစ်စဥ်များအပြင် အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာနေ ဦးဌေးအောင်(၇၀)နှစ်နှင့် ဦးတိုးမြင့်(၄၇)နှစ်တို့သည် ၎င်းတို့ ၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့အား ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်၍ဟုဆို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။