၁.၁၁.၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက ထိုင်းနိုင်ငံဆီလာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် စစ်ဆေးရေး ဆိုင်ရာနဲ့ အလုပ်လုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုမှုတို့အတွက် ဝန်ဆောင်ခတွေကို လျှော့ချပြီး အသစ်ပြင်ဆင်သတ်မှတ်တဲ့အမိန့် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ဝန်ဆောင်ခတွေလျှော့ချပေးလိုက်တာက ဥပဒေနဲ့အညီ အလုပ်အကိုင်ခန့်ထားမှုတိုးမြင့်စေဖို့နဲ့ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံအတွင်း ပြည်ပအလုပ်သမားဝင်ရောက်မှု ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ အထူးသဖြင့်တော့ ပြည်ဝင်ခွင့်ဗီဇာကြေးတွေကို မူလက ဘတ် ၂,၀၀၀ က ဘတ် ၅၀၀ နဲ့ ယာယီနေထိုင်ခွင့် လျှောက်ထားခကိုလည်း ဘတ် ၁,၉၀၀ ကနေ ဘတ် ၅၀၀ ဆီ အသီးသီးလျှော့ချပေးခဲ့တာပါပဲ။
ဝန်ကြီးဌာနရဲ့ အခုလို ထုတ်ပြန်ခဲ့တဲ့အမိန့်က အောက်တိုဘာ ၂၇ ရက်မှာထုတ်ပြန်ပြီး ၁၅ ရက်အကြာ နိုဝင်ဘာ ၁၀ ရက်မှာ စတင်အတည်ဖြစ်မှာပါ။ ဒီအမိန့်က လေးနှစ်ကြာတဲ့အထိ အာဏာသက်ရောက်မှုရှိမှာဖြစ်ပြီး၊ သက်ဆိုင်တဲ့နိုင်ငံလေးခုက အလုပ်ခန့်ထားရေးစာချုပ် (ဒါမှမဟုတ်) အလုပ်သမားသစ်တွေနဲ့ သက်ဆိုင်တဲ့နားလည်မှုစာချွန်လွှာတို့အပေါ်အခြေခံပြီး ထိုင်းနိုင်ငံအတွင်းဆီ လာရောက်အလုပ်လုပ်ကိုင်ကြမယ့် နိုင်ငံခြားအလုပ်သမားတွေနဲ့ သက်ဆိုင်မှာပါ။
ဒီဆောင်ရွက်ချက်က အဆိုပါ ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေအတွက် အာမခံချက်ရှိစေဖို့နဲ့ တရားမ ဝင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အပြင် အလုပ်သမားဈေးကွက်တည်ငြိမ်ရေးကိုပါ ဦးတည်ကြောင်းလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကပြောခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရရဲ့ ချဉ်းကပ်မှုနည်းလမ်းဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအပြီးမှာ ပြည်ပအလုပ်သမားတွေရဲ့ အလုပ်ခန့်ထားမှုကို ထိန်းညှိပေးခြင်းဖြင့် ထိုင်းနိုင်ငံရဲ့ စျေးကွက်ယှဉ်ပြိုင်နိုင်မှု ခိုင်မာစေဖို့နဲ့ စီးပွားရေး ပြန်လည်နာလန်ထမှုကိုအထောက်အကူဖြစ်စေဖို့ဆိုတဲ့အချက်နဲ့လည်း ဒီဆောင်ရွက်ချက်က ကိုက်ညီမှုရှိတယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ အခုလို ဝန်ဆောင်မှုအခတွေလျှော့ချပေးခြင်းက ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေအတွက်ရော၊ အလုပ်ရှင်တွေအတွက်ပါ ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေမှာပါ။
ထိုင်းအစိုးရ၊ ပြည်ပအလုပ်သမားစီမံခန့်ခွဲရေးဌာနရဲ့ ပြောကြားချက်အရ ထိုင်းနိုင်ငံအတွင်း ပြည်ပအလုပ်သမား ၂,၅၉၃,၄၃၉ ဦး အလုပ်လုပ်ကိုင်နေပြီး ခန့်မှန်းခြေ တစ်သန်းနီးပါးက အလုပ်လုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုမှုတို့အတွက် လျှောက်ထားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Ref—— Khaosok