၁. ၁၁. ၂၀၂၃
Written by Thettant
မြန်မာ့ရိုးရာလက်ဝှေ့ကိုယ်စားပြုပြီး ကမ္ဘောဒီးယားနိုင်ငံက ဆီးဂိမ်းချန်ပီယံပရွန်ဆန်နမ်နဲ့ထိုးသတ်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်နေပြီလို့ ဒေ့ဗ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီမနက် ရေးသားဖော်ပြထားပါတယ်။
ထွန်းထွန်းမင်းကို ၂၀၂၃ ဆီးဂိမ်းမှာ အနိုင်ထိုးသတ်ထားတဲ့ ပရွမ်ဆမ်နမ်နဲ့ ထွန်းထွန်းမင်းကိုပဲ အနိုင်ထိုးသတ်ထားတဲ့ ဒေ့ဗ်တို့ဟာ နိုဝင်ဘာ ၅ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။
“Europe ကနေ Cambodia ကို ခရီးသွားနေပါပြီ။ အရှေ့တောင်အာရှရဲ့ သမိုင်းမှာ အကြီးဆုံးပွဲ။ ရိုးရာ လက်ဝှေ့ ဘုရင်နှစ်ယောက် တွေ့ဆုံပြီး သမိုင်းတစ်ခုရေးမှာပါ။ ကမ္ဘာတဝှမ်းမှာ လက်ဝှေ့ကို လူသိများလာတာ ကျွန်တော်တကယ် ဂုဏ်ယူမိတယ်။ ပွဲကိုလည်း ဖေ့စ်ဘွတ်ခ်နှင့် ယူကျူ့မှာ တိုက်ရိုက် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်”လို့ ဒေ့ဗ်ကရေးသားထားပါတယ်။
အထူးဧည့်သည်တော်အဖြစ် ကမ္ဘောဒီးယားအထိ စရိတ်ငြိမ်းပွဲကို လာကြည့်ပြီး ဒေ့ဗ်နဲ့ မနက်စာအတူစားခွင့် ဆုမဲ ကံထူးရှင်လေးဦးလည်း ရွေးချယ်ထားပြီး မြောက်ဥက္ကလာက ကိုမြတ်ဘုန်းမြင့်နဲ့ တာမွေက ကိုသူရစိုးတို့ဟာ သူငယ်ချင်းတွေဖြစ်တဲ့ ကိုပိုင်သူထက်အောင်နဲ့ ကိုလင်းထက်စိုးတို့ကို Plus one အဖြစ် ဖိတ်ခေါ်ပြီးတော့ ဒေ့ဗ်ရဲ့ အထူးဧည့်သည်တော်တွေအဖြစ် လာရောက်ကြည့်ရှုခွင့်ရမှာပဲ ဖြစ်ပါတယ်။