၁. ၁၁. ၂၀၂၃
Written by Ye Kyaw
၂၀၂၃ ခုနှစ်အတွင်း ရှစ်လဆက်တိုက် တိုးတက်ခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်မှု အော်ဒါအသစ်များ ရရှိမှုဆက်တိုက်ကျဆင်းလာခြင်းကြောင့် အောက်တိုဘာလတွင် စတင်ကျဆင်းလာခဲ့ပြီး ကိုးလအတွင်း ပထမဆုံးအကြိမ် ဆုတ်ယုတ်လာခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
အဓိကကျသည့် ထုတ်လုပ်မှုအညွန်းကိန်း PMI သည် စက်တင်ဘာလတွင် တုန့်ဆိုင်းနေခြင်းကို ကျယ်ပြန့်စွာ အချက်ပြခဲ့သည့်နောက် အောက်တိုဘာလတွင် PMI အညွှန်းကိန်း ၄၉ သို့ နိမ့်ဆင်းသွားခဲ့သည်။ အရေးကြီးသည့် PMI အညွန်းကိန်း ကြားနေအမှတ် ၅၀ အောက်သို့ ကိုးလအတွင်း ပထမအကြိမ် ကျဆင်းခဲ့ခြင်းဖြစ်သည်။
“ဒါဟာ အဓိကအကျဆုံး အညွှန်းကိန်းကို ကြားနေအမှတ် ၅၀ ရဲ့ အောက်မှာ နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီလမှာ မှတ်တမ်းတင်နိုင်ခဲ့ပြီး ရှစ်လကြာခဲ့တဲ့ နာလန်ထူရေးကို အဆုံးသတ်ပစ်လိုက်တာပါ။ အော်ဒါအသစ်များရရှိမှု အရှိန်ကျဆင်းလာခဲ့လို့ ကုမ္ပဏီများဟာ ထပ်ပြီးတော့ ထုတ်လုပ်မှုပမာဏကို မတိုးမြှင့်နိုင်ခဲ့ကြဘူး” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။
မြန်မာနိုင်ငံအတွင်း ထုတ်လုပ်မှုကဏ္ဍ လုပ်ကိုင်မှုအခြေအနေများ ဆုတ်ယုတ်လာမှုကို အချက်ပြနေပြီး ယင်းကျဆင်းမှုအတွက် အဓိကအကျဆုံးမှာ အော်ဒါအသစ်များရရှိမှု ဆက်တိုက်အရှိန်အဟုန်ဖြင့် ကျဆင်းလာမှုဖြစ်ကာ ယင်းကာလအတွင်း အလုပ်နေရာ ဖြတ်တောက်ခံရမှုများ ဆက်ရှိခဲ့ကြောင်း အစီရင်ခံခဲ့ကြပြီး ကုမ္ပဏီများက ဝန်ထမ်းများ ပိုလျှံနေခြင်းကိုရော နှုတ်ထွက်မှုများကိုပါ ထည့်သွင်း ဖော်ပြခဲ့ကြကြောင်း သိရသည်။
သို့သော် အောက်တိုဘာလတွင် စက်မှုကဏ္ဍအတွက် အားတက်စရာအချက်မှာ ဈေးနှုန်းများ၏ ဖိအားပေးမှုများ အားပျော့လာမှုဖြစ်ခဲ့ပြီး သွင်းအားစု ဈေးနှုန်းများနှင့် ရောင်းဈေးနှစ်ရပ်လုံး၏ ငွေကြေးဖောင်းပွမှုနှုန်းများ စက်တင်ဘာနောက်ပိုင်းတွင် သိသာစွာအားပျော့လာ၍ ပြီးခဲ့သည့် ၁၀ လအတွင်း အနှေးဆုံးဖြစ်လာကြောင်း ဖော်ပြထားသည်။
လုပ်ငန်းတောင်းဆိုမှုများ ကျဆင်းလာသည်နှင့်အမျှ ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်လုပ်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းများကို လျှော့ချခဲ့ကြပြီး ယင်းကဲ့သို့ လျှော့ချမှုနှစ်ရပ်လုံး၏ နှုန်းများမှာမူ အောက်တိုဘာလတွင် ပိုမြန်လာခဲ့ကြောင်း သိရသည်။