၁.၁၁.၂၀၂၃
Written By Thandar
El Salvador နိုင်ငံမှာ ၇၂ ကြိမ်မြောက် ကျင်းပမယ့် မယ်စကြာဝဠာ Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် အမရာဗိုလ်က ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် ဒီနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စတင်ထွက်ခွာသွားပြီး ဖြစ်ပါတယ်။
“ အမရာတို့ Visa ကိစ္စကြောင့် စောပြီး ထွက်လိုက်ရတယ်။ တစ်ရက်စောထွက်လိုက်ရတယ်။ အရမ်းလည်း စိတ်လှုပ်ရှားတယ်။ အရမ်းလည်းပျော်နေပါတယ်။ ကိုယ်တက်ချင်တဲ့ စတိတ်စင်ပေါ်မှာ ကိုယ့်ရဲ့ အိပ်မက်တွေ တကယ်ဖြစ်တော့မယ်ဆိုတော့ နိုင်ငံတကာမယ်တွေနဲ့ ယှဥ်ပြိုင်ရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ အမရာ ရတဲ့အချိန်မှာ အကောင်းဆုံး ကြိုးစားထားပါတယ်။ ဒီပြိုင်ပွဲအတွက် ကြိုးစားအားထုတ်ထားပါတယ်။ အရှေ့က စီနီယာအလှမယ်တွေလိုပဲ အမရာလည်း ပြင်ဆင်ထားပါတယ်။ ရှေ့က ပြိုင်ပွဲဝင်တွေအတိုင်း လေ့လာသင်ယူထားပါတယ်။ ပြိုင်ဘက်တွေ သတိထားပါတယ်။ မြန်မာဆိုတာ သတိထားမိအောင် ကြိုးစားပါတယ်။ အချိန်တိုပေမယ့် အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ မြန်မာကိုယ်စားပြုအနေနဲ့ ပိုပြီး ကြိုးစားပေးချင်ပါတယ်။ အမရာ ဒီထက်ပိုတဲ့ ကြိုးစားမှုတွေထက် အကောင်းဆုံး ကြိုးစားချပြသွားမှာပါ။ ပြိုင်ပွဲဝင်ချိန်မှာလည်း အမရာ့ကို မေတ္တာရှေ့ထားပြီးတော့ ချစ်ပေးပြီးအားပေးဖို့ မေတ္တာရပ်ခံပါတယ်”လို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် အမရာဗိုလ်က ပြောပါတယ်။
သူမက ယခင် မြန်မာနိုင်ငံကနေ နိုဝင်ဘာ ၃ ရက်မှ စတင်ထွက်ခွာဖို့ ပြင်ဆင်ထားပြီး El Salvador Visa ရရှိပေမယ့်လည်း ခရီးစဥ်အရ Transit ပြုလုပ်ရမှာဖြစ်တဲ့အတွက် USA နိုင်ငံကို Transit visa လိုအပ်ချက်ရှိတာမို့ မြန်မာနိုင်ငံက ဆောင်ရွက်ခဲ့ပေမယ့် အခက်အခဲအချို့ကြောင့် အချိန်မမီဖြစ်ခဲ့ပါတယ်ဆိုပါတယ်။ အဆိုပါ အခက်အခဲအချို့ကြောင့် အချိန်မီမရနိုင်တဲ့အတွက် ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီက Thai Airway လေကြောင်းနဲ့ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ဆောင်ရွက်ပြီး ပြိုင်ပွဲနေရာကို ဆက်လက်ထွက်ခွာရမှာ ဖြစ်တယ်လို့ သိရပါတယ်။
သူမက အရပ် ၅ ပေ ၁၁ လက်မခွဲရှိပြီး Miss Universe Myanmar 2023 ပြိုင်ပွဲမှာ ကျိုင်းတုံ ကိုယ်စားပြုအနေနဲ့ Winner ဆုနဲ့ Miss Glamorous By Treasure Z ဆုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း El Salvador နိုင်ငံမှာ နိုင်ငံပေါင်း ၈၀ ကျော်က အလှမယ် တွေအတူ ကျင်းပပြုလုပ်မယ့် ၇၂ ကြိမ်မြောက် Miss Universe 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၁၈ ရက်မှာ Grand Final ပြိုင်ပွဲကို ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။