September 18, 2024

၂၆. ၁၀. ၂၀၂၃

Written by Nay Aung

၂၀၂၃ ခုနှစ်အတွက် အမျိုးသမီးများအတွက် အကောင်းဆုံးနိုင်ငံများစာရင်း ကမ္ဘာ့အညွှန်းကိန်းအဆင့်သတ်မှတ်ချက်(WPS Index)တွင် မြန်မာနိုင်ငံက ကမ္ဘာအဆင့် ၁၆၅ နေရာ ရပ်တည်နေသလို အာဆီယံဒေသတွင်းနိုင်ငံများထဲတွင်လည်း အောက်ဆုံးအဆင့်၌ ရပ်တည်နေကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံရှိ အမျိုးသမီးများ၏ ပညာရေး၊ အလုပ်ကိုင်အခွင့်အလမ်း၊ တရားဥပဒေ၊ အကြမ်းဖက်ခံရမှု၊ လုံခြုံမှုရှိမှု စသောအချက်များအပါအဝင် အချက်ပေါင်း ၁၃ ချက်ကို လေ့လာစောင့်ကြည့်ကာ အမှတ်ပေးပြီး ကမ္ဘာ့အညွှန်းကိန်းအဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အညွှန်းကိန်းအဆင့်သတ်မှတ်ချက်ကို နော်ဝေးအစိုးရကူညီထောက်ပံ့ပေးမှုနှင့်အတူ အမေရိကန်နိုင်ငံအခြေစိုက် Georgetown Institute for Women, Peace and Security အဖွဲ့ နှင့် PRIO Centre on Gender, Peace and Security အဖွဲ့တို့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ရမှတ်ပေါင်း ၀ ဒသမ ၄၅၁ မှတ်ရရှိကာ ကမ္ဘာ့အညွှန်းကိန်းအဆင့်တွင် ၁၆၅ နေရာရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် ဖော်ပြထားသည်။ WPS Index အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် အာဆီယံဒေသတွင်းနိုင်ငံများအနက် ဘရူးနိုင်းကို ထည့်သွင်းဖော်ပြထားခြင်းမျိုးမရှိဘဲ မြန်မာအပါအဝင် အခြား ၉ နိုင်ငံကို ဖော်ပြထားသည်။

အာဆီယံဒေသတွင်းနိုင်ငံများအနက် WPS Index အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် စင်ကာပူနိုင်ငံက အဆင့် ၁၅၊ ထိုင်းနိုင်ငံက အဆင့် ၅၂၊ မလေးရှားနိုင်ငံက အဆင့် ၆၄၊ ဗီယက်နမ်နိုင်ငံက အဆင့် ၇၈၊ လာအိုနိုင်ငံက အဆင့် ၇၉၊ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၈၂၊ ကမ္ဘောဒီးယားနိုင်ငံက အဆင့် ၁၁၀ နှင့် ဖိလစ်ပိုင်နိုင်ငံကအဆင့် ၁၂၁နေရာတွင် ရပ်တည်နေကြောင်း သိရသည်။အာဆီယံဒေသတွင်းနိုင်ငံများအနက် အမျိုးသမီးများ အတွက် အကောင်းဆုံးနိုင်ငံများစာရင်းတွင် စင်ကာပူနိုင်ငံက အဆင့် ၁ နေရာတွင်ရှိနေပြီး မြန်မာနိုင်ငံကအောက်ဆုံးနေရာတွင်ရှိနေကြောင်း သိရသည်။

Ref; /giwps

Leave a Reply

Your email address will not be published. Required fields are marked *