၂၆. ၁၀. ၂၀၂၃
Written by Thettant
နှစ်ပေါင်း ၁၂၄ နှစ် သက်တမ်းရှိ မော်လမြိုင် အ.ထ.က (၉) ကျောင်းကို မီးရှို့တယ်ဆိုတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းမိထားပြီး လက်ရှိမှာစစ်ဆေးနေတယ်လို့ SAC ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဥ်က အောက်တိုဘာ ၂၅ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်မှာ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီးမှူးဦးစီးတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ရပ်ကွက်နေပြည်သူတွေနဲ့ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့နဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး နံနက် ၇ နာရီ ၃၀ မိနစ်ကျမှ မီးငြိမ်းခဲ့တာပါ။
မီးလောင်မှုကြောင့် အလျား ၉၅ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ်ကျောင်းဆောင် အဆောက်အဦ ၁ လုံးနဲ့ အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ RC ၂ ထပ် သင်ထောက်ကူအဆောက်အဦ ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်မှုမှာ သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့တာပါ။ လက်ရှိမှာ သံသယရှိသူအမျိုးသမီးကို စစ်ဆေးနေသလို မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတွေကို ပြန်လည်ပြုပြင်တည်ဆောက်သွားမှာဖြစ်တဲ့အပြင် ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းပြန်လည်ဖွင့်ချိန် နှစ်သုတ်တက် စနစ်နဲ့ အရှိန်မပျက်ပညာသင်ကြားနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
မော်လမြိုင်မြို့ရှိ အ.ထ.က (၉) ကျောင်းဟာ အရင်က ရှင်မဟာဗုဒ္ဓဃောသအမျိုးသားကျောင်းဖြစ်ပြီး ၁၈၉၉ ခုနှစ် ဧပြီ ၂၃ ရက် အင်္ဂလိပ်လက်အောက် ကျရောက်စဥ် အမျိုးသားရေးစိတ်ဓာတ်ပြင်းပြတဲ့ သာသနာ့ဓရအသင်းက တည်ထောင်ခဲ့တဲ့ သက်တမ်း ၁၂၄ နှစ်ရှိ ရှေးဟောင်းသမိုင်းဝင်ကျောင်းပါ။ လက်ရှိလောင်ကျွမ်းသွားတဲ့ ဦးသာညှင်းဓမ္မာရုံကလည်း ၁၂၇၅ ခုနှစ်က တည်ဆောက်ခဲ့တဲ့ သက်တမ်း နှစ် ၁၁၀ ရှိနေပြီဖြစ်တဲ့ ဓမ္မာရုံအဆောင်ပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ် ၃ ရက်ကလည်း အ.ထ.က(၉) ကျောင်း မီးလောင်ခဲ့ပြီး ရုံးခန်း၊ အလယ်ဆောင်နဲ့ သုံးထပ်ဆောင်မီးလောင်ခဲ့ပြီး ဦးသာညှင်းဓမ္မာရုံလောင်ကျွမ်းမှုမရှိခဲ့ပေမဲ့လည်း အခုဒုတိယအကြိမ်မီးလောင်တဲ့ ရှို့မီးမှာ သမိုင်းဝင်အဆောင် လောင်ကျွမ်းဆုံးရှုံးခဲ့ရတာပါ။
ဓာတ်ပုံ – ဒေါက်တာမင်းဖြိုး