၁၆.၁၁.၂၀၂၂
Written by Nay Moe
SAC ၏ တပ်စခန်းသုံးခုအား KNU က တိုက်ခိုက်ဖျက်ဆီးပြီး လေးရက်အတွင်း KNU/PDF များ ခိုလှုံနေသည့် မက္ကသာစခန်း လေကြောင်းမှ ဗုံးကြဲခံရကာ ထိခိုက်မှုနှင့် သေဆုံးမှုများပြားပြီး လက်ရှိအချိန်တွင် ထိခိုက်မှုများကို စိစစ်အတည်ပြုနေဆဲသာဖြစ်ကြောင်း KNU မှ တာဝန်ရှိသူတစ်ဦးက MT News ၏ မေးမြန်းမှုကို နိုဝင်ဘာ ၁၆ ရက်တွင် ပြန်လည်ဖြေကြားသည်။
KNU ၏ မက္ကသာစခန်းကို နိုဝင်ဘာ ၁၆ ရက် နံနက် ၁ နာရီ ၄၀ ခန့်က လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုမှာ တပ်မတော်၏ တပ်စခန်းများဖြစ်သည့် KNU တပ်မဟာ (၃) နယ်မြေမှ သံဆိပ်စခန်း၊ ဘောကထာစခန်းနှင့် တုံးတံတာစခန်းသုံးခုတို့အား KNU/KNLA နှင့် PDF တို့က နိုဝင်ဘာ ၁၂ ရက် နံနက် ၄ နာရီတွင် တိုက်ခိုက်ဖျက်ဆီးပြီးနောက် လက်နက်များစွာ သိမ်းယူအပြီး လေးရက်အတွင်း လက်တုံပြန်ခံရခြင်းလည်းဖြစ်ကာ အဆိုပါ စခန်းသုံးခုအား KNU တိုက်ခိုက်စဉ်က လခရ ၁၁ ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
ကနဦးသတင်းများအရ မက္ကသာစခန်းအား လေကြောင်းမှ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် KNU နှင့် PDF တပ်ဖွဲ့ဝင် အနည်းဆုံး ၅၀ ဦးခန့် သေဆုံးသည်၊ တရုတ်နိုင်ငံသားများပါဝင်သည် စသည့် သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါ အချက်များနှင့် ပတ်သက်သည့် MT News ၏ မေးမြန်းမှုများကိုမူ KNU က ဖြေဆိုခြင်းမရှိသေးချေ။
KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြိုနယ်အတွင်းရှိ မက္ကသာကျေးရွာသည် ခနောက်စိမ်းသတ္တုမိုင်း အမှတ် (၆) ရှိခဲ့သည့်နေရာဖြစ်ခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီဖြစ်စဉ်အပြီး KNU က သတ္တုတွင်းတူးဖော်နေသူများ၊ ဝန်ထမ်းများအား နှင်ထုတ်ခဲ့ပြီးနောက် မိုင်းတွင်းများတွင် KNU/KNLA/PDF များ တပ်စွဲထားသဖြင့် လေကြောင်းတိုက်ခိုက်မှုပြုခြင်းဖြစ်ကြောင်းလည်း SAC နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရပြီး ဒေသတွင်းသတင်းအေဂျင်စီများကမူ အဆိုပါတိုက်ခိုက်မှုတွင် သုံးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရကြောင်း ဖော်ပြခဲ့သည်။ သို့သော် သံလွင်တိုင်မ်းသတင်းဌာနကမူ အနည်းဆုံး ၁၀ ဦးသေဆုံးကြောင်း ဖော်ပြခဲ့သည်။