MT News
Written by Min Mahar
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နွယ်နီကျေးရွာနတ်နန်းအနီး အမှိုက်ပုံဘေးတွင် ယမန်နေ့နံနက်ပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၁ လုံးကို ရွာသားတစ်ဦးမှတွေ့ရှိပြီး သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ရာ လခရများ လာရောက်၍ အချိန်သုံးနာရီခန့်ကြာအောင် သက်မဲ့ပြုလုပ်ကာ သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။
၎င်းလက်လုပ်မိုင်းကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နွယ်နီကျေးရွာအနီး၊ မန္တလေး-မတ္တရာသွား ကားလမ်းအရှေ့ဘက်ခြမ်း၊ မိုင်တိုင်အမှတ် ၄/၁ ဖာလုံနှင့် ၄/၂ ဖာလုံကြား၊ နတ်နန်း ဇရပ်ဘေးအမှိုက်ပုံအနီးတွင် နိုဝင်ဘာလ ၁၅ ရက် မနက် ၁၀ နာရီဝန်းကျင်က ရွာသားတစ်ဦးမှ စတင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ရာ လခရအဖွဲ့မှ ချက်ခြင်းရောက်လာသော်လည်း လက်လုပ်မိုင်းသက်မဲ့ဖြစ်စေရန် အချိန်ကြာမြင့်စွာ ကြိုးစားခဲ့ရပြီး မွန်းလွဲ ၁ နာရီထိုးလုချိန်မှ မိုင်းအသက်မဲ့အောင်ပြုလုပ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
” မနက် ၁၀ နာရီလောက်က နတ်နန်း ဇရပ်ဘေးအမှိုက်ပုံနားမှာ လက်လုပ်မိုင်းတစ်လုံးကို ရွာထိပ် ကားလမ်းဘေးနေတဲ့သူကတွေ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကိုအကြောင်းကြားလိုက်တယ်။ ဘေးပတ်ဝန်းကျင်ကိုလည်း အခြားလူတွေမလာအောင် တားဆီးထားလိုက်ပြီး မကြာခင်မှာပဲ ရဲနဲ့စစ်သားတွေ ရောက်ရှိလာပြီး အချိန်တော်တော်ကြာတဲ့အထိ အသက်မဲ့အောင်လုပ်နေရသေးတယ်။ နေ့လည် ၁ နာရီထိုးခါနီးလောက်မှ မိုင်းအသက်မဲ့သွားတော့တယ်။ တော်သေးတယ် မပေါက်ကွဲခဲ့လို့” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလက်လုပ်မိုင်း လာရောက်ထားသွားသူများကို ဖမ်းဆီးရမိရေးအတွက် ကြာနီကန်ရဲကင်းစခန်းမှ လိုက်လံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ယခုအချိန်အထိ မည်သူကလာရောက်ပစ်သွားပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မသိရသေးချေ။