October 23, 2024

အနုကြမ်းစီးခံရသည့် Sky Mobile ဖုန်းဆိုင်ကို တွေ့ရစဥ်

၁၆. ၁၁. ၂၀၂၂

Written by Naing Thuta

မကြာခဏ အနုကြမ်းစီးမှုဖြစ်ပွားနေသည့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ Sky Mobile ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေးဆိုင်၌ နိုဝင်ဘာလ ၁၅ ရက် ညနေ ၄ နာရီကျော်က ဝန်ထမ်း ၅ ဦးအား ပစ္စတိုသေနတ်ဖြင့်ချိန်ကာ ငွေကျပ် ၂၂သိန်းကျော်အား အနုကြမ်းစီးပြီးယူသွားကြောင်း Sky Mobile ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

“မနေ့က ညနေ ၄ နာရီလောက် အမည်မသိလူနှစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ ရောက်လာပြီး ဆိုင်ထဲက ဝန်ထမ်း ၅ယောက်ကို သေနတ်နဲ့ချိန်ပြီးတော့ မလှုပ်နဲ့ မင်းတို့လှုပ်ရင်ပစ်သတ်လိုက်မယ်လို့ပြောပြီး ကောင်တာထဲမှာထည့်ထားတဲ့ ရောင်းရတဲ့ငွေ ၂၂ သိန်းကျော်ကို ဓားပြတိုက်ယူသွားတယ်။ သက်ဆိုင်ရာကိုလည်း အကြာင်းကြားတိုင်ကြားထားပြီးပါပြီ။ ကိုယ့်ချွေးနည်းစာနဲ့ လုပ်ထားတဲ့ငွေတွေ အခုလိုပါသွားတာ။ တော်သေးလို့ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကိုရန်မပြုသွားလို့ပေါ့။ ကလေးတွေလည်း တော်တော်ထိတ်လန့်သွားကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၆၂ လမ်းနှင့် ၁၁၂ (အေ)လမ်းဒေါင့်ရှိ Sky Mobile ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေးဆိုင်သို့ CZI ဆိုင်ကယ်ကိုစီးလာပြီး အမည်မသိအမျိုးသားလူငယ် ၂ ဦးမှ ပစ္စတိုသေနတ်များ ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာကာ ဆိုင်ထဲတွင်ရှိနေသောဝန်ထမ်း ၅ ဦးကို သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်ပြောဆိုပြီး ငွေကောင်တာအတွင်းရှိ စျေးရောင်းရငွေ ၂၂၁၅၄၀၀ ကျပ်အား အနုကြမ်းစီးပြီး ယူဆောင်သွားကြောင်း သိရသည်။

“အခုဆို မန္တလေးမြို့ပေါ်မှာ မကြာခဏဆိုသလို အနုကြမ်းစီး ဓားပြတိုက် လူသတ်သွားတာတွေ၊ ဆိုင်ကယ်တွေ ခိုးသွားတာတွေ၊ အိမ်ထဲပစ္စည်းဝင်ခိုးတာတွေ၊ လမ်းပေါ်မှာဆိုလည်း ဖုန်းတွေ ရွှေတွေ ငွေတွေ လုယက်နေကြတာ အရမ်းပေါများလာတာကို တွေ့နေ ကြားနေရတယ်။ နေ့စဉ်နဲ့အမျှ ပြည်သူတွေဘဝက မလုံခြုံတော့သလိုခံစားလာရတယ်။ သက်ဆိုင်ရာကလည်း ထိရောက်စွာကိုင်တွယ်အရေးယူဆောင်ရွက်မှုတွေ၊ လုံးဝပပျောက်သွားအောင်လို့လည်း လုပ်ဆောင်ပေးသင့်တယ်။ ဒါမှပြည်သူတွေဘဝက သွားလာရတာ လုံခြုံမှုရှိတော့မှာ။ ပြီးတော့ အခုဆိုရင် မန္တလေးမြို့ပေါ်မှာ ခိုးဆိုးလုယက်တွေကြောင့် လုံးဝအကျည်းတန်ရုပ်ဆိုးနေပြီ” ဟု မြို့နေပြည်သူတစ်ဦးက MT News ကို ရင်ဖွင့်ပြောသည်။

အဆိုပါအနုကြမ်းစီးမှုကို အမှတ် (၁၁) နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး တရားခံများအား ဖမ်းဆီးရမိရေးအတွက် တရားခံများထွက်ပြေးရာလမ်းကြောင်းတစ်လျောက် CCTV မှတ်တမ်းများအား လိုက်လံကြည့်ရှုဆောင်ရွက်လျက်ရှိနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ယခုဆိုလျှင် မန္တလေးမြို့ပေါ်တွင်မကြာခဏဆိုသလို အနုကြမ်းစီးမှုများဖြစ်ပွားလျှက်ရှိနေပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ နေ့ခင်းကြောင်တောင်ချိန်ကြီး၌ပင် ရှင်းမြတ်ဆောက်လုပ်ရေးကုမ္မဏီနေအိမ်အား ပစ္စည်းဖိုးငွေချေပေးမည်ဟုပြောဆိုပြီး သိန်း ၃၀၀ ကျော်နှင့် ဖုန်း ၂ လုံးအား အနုကြမ်းစီးမှု ပြည်ကြီးတံခွန်မြို့နယ်တွင်ဖြစ်ပွားခဲ့သေးသည်။

ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာလကလည်း မန္တလေးမြို့ပေါ်ရှိ ဖုန်းဆိုင် ၂ ဆိုင်အား တစ်ရက်အတွင်း အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး ” Ni Ni “Second ဖုန်းရောင်းဝယ်ရေးဆိုင်တွင် တရားခံအားချက်ချင်းဖမ်းမိခဲ့သော်လည်း ” အောင်ဇေ” ဖုန်းရောင်းဝယ်ရေးဆိုင်တွင်မူ လူ ၉ ဦးမှ အနုကြမ်းဝင်စီးသောကြောင့် နှစ်သိန်းကျော်အထက် တန်ဖိုးရှိသော ဖုန်းအလုံးရေ ၁၀၅ လုံးကျော်ခန့်နှင့် ငွေကောင်တာအတွင်းမှ ငွေ ၃၉ သိန်း၊ စုစေုပေါင်း တန်ဖိုး သိန်း ၇၀၀ ကျော်လောက်ပါသွားပြီး တရားခံများ ဖမ်းမိမှုမရှိသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *