October 23, 2024

MT News

Written by Nay Moe

နိုဝင်ဘာ ၁၄ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် မော်လမြိုင်တွင် ပစ်ခတ်ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်မှ အထူးမြေအောက်လှုပ်ရှားမှုအင်အားစု(SUMF) အဖွဲ့ဝင် အမျိုးသမီးတစ်ဦးအပါအဝင် ရှစ်ဦးဖမ်းမိပြီး ယင်းတို့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူပြည်သူနှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေစဉ် ချောင်းနှစ်ခွ- မုဒုံလမ်းအတိုင်း မသင်္ကာဖွယ်အမျိုးသား ၂ ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မုဒုံဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဉာဏ်ထက်ကို (၂၁) နှစ်နှင့် စည်သူဖြိုး (၂၂)နှစ် တို့အား ဖမ်းမိခဲ့ပြီး ၎င်းတို့ထံမှ PDF သင်တန်း တက်ရောက်ခဲ့သည့် စာရွက်စာတမ်းများ၊ မှတ်တမ်းဓာတ်ပုံများ တွေ့ရှိခဲ့ရသည်။

ဖမ်းမိသူများအား စစ်မေးရာ ၎င်းတို့နှင့် ဆက်စပ်သည့် PDF များသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ(၃)လမ်းရှိ အငှားတိုက်ခန်းတွင် ရောက်ရှိလျက်ရှိကြောင်း သိရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန်သွားရောက်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် အဆိုပါ တိုက်ခန်း၏အရှေ့သို့ ရောက်ရှိစဉ် PDF များက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် မော်လမြိုင်မြို့၊ ဂွေးကုန်းရပ်ကွက်နေ ဦးကျော်မိုး (၃၁)နှစ်နှင့် ဇေယျာသီရိရပ်ကွက်နေ ဦးဟိန်းကိုဦး (၃၂)နှစ် တို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများမထိခိုက်စေရန် နေရာရွှေ့ပြီးနောက် PDF များအား လက်နက်ချအညံ့ခံရန် ပြောဆိုခဲ့ရာ လက်နက်ချခြင်းမရှိဘဲ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်၍ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ သန့်ဇင်လင်း (ခ)မျက်နှာမဲ (၁၈)နှစ်၊ ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက်နေ ဇော်ထက်အောင်(ခ) ဆံရှည် (၃၀)နှစ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ ကျော်သက်ဦး (၂၂)နှစ်၊ ဖြိုးကိုအောင်(၂၃)နှစ်၊ ထက်အောင်(ခ)သခေါ(၂၀)နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နေ နှင်းကလျာ (ခ)ပိုးလေး(၁၆)နှစ် တို့အား တူရကီနိုင်ငံထုတ် Zoraki အမျိုးအစား ပစ္စတိုသေနတ် ၂ လက်၊ ချက်စ်နိုင်ငံထုတ် CZ အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅၂ တောင့်၊ ပစ္စတို ကျည်အိမ် ၃ ခု၊ ယမ်းဗူး ၅ ဗူး၊ ဒေသန္တရ လက်လုပ် မိုင်း ၉ လုံး၊ ပစ္စတို အပစ်လက်ကိုင် ၁ ခု၊ လက်ကိုင်ဖုန်း ၃ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ဖမ်းဆီးရမိ PDF အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦးတို့အား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေရာ အဆိုပါဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူ ၂ ဦးအနက် ဦးဟိန်းကိုဦး (၃၂) နှစ်သည် ဆေးကုသမှုခံယူနေစဉ်အတွင်း ရရှိဒဏ်ရာများဖြင့် ည ၈ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဖမ်းမိသူများအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း SAC က ထုတ်ပြန်ထားပြီး ဖမ်းဆီးခံရသူများမှာ Special Underground Movement Force အဖွဲ့ဝင်များဖြစ်ကြောင်း SUMF အဖွဲ့ဝင်များ ပိတ်ဆို့ ဖမ်းဆီးခံရသော်လည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသားအား ပြန်လည်ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ကြောင်း SUMF ကလည်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *