October 23, 2024

NOM နိုဝင်ဘာ ၁၅ ၊ ၂၀၂၂

အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသော ဒါရိုက်တာမင်းထင်ကိုကိုကြီး(ခ) ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွား (ခ) စောအလန်စတီးတို့ နိုဝင်ဘာ ၁၅ ရက်တွင် ပြန်လွတ်လာခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရသော မင်းထင်ကိုကိုကြီးမှာ ပုဒ်မ ၅၀၅ (ခ) ဖြင့်ထောင်ဒဏ် ၂ နှစ်ချခံထားရသူဖြစ်ပြီး စောဖိုးခွားမှာ သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀ (က)နှင့် ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် ထောင်ဒဏ် ၂ နှစ်ချခံထားရသည်။

လက်ရှိအချိန်တွင် MT News ၏ သတင်းစုံစမ်းမှုအရ မင်းထင်ကိုကိုကြီးလွတ်မြောက်လာသည်မှာ မှန်ကန်သော်လည်း စောဖိုးခွားကိုမူ လက်ရှိအချိန်အထိ လွတ်မြောက်ခြင်း မှန်ကန်မှုရှိမရှိ အတည်ပြုမရသေးချေ။

အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြသည့် အနုပညာရှင်တချို့ ပုဒ်မ ၅၀၅(က) နှင့် ဖမ်းဆီးထောင်ချခံခဲ့ရပြီးနောက် ယခုနှစ် မတ် ၂ ရက်တွင် အနုပညာလုပ်ငန်းများနှင့် နိုင်ငံတည်ဆောက်ရေး ပါဝင်ဆောင်ရွက်နိုင်စေရန် သရုပ်ဆောင်လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာဝိုင်း၊ ပိုင်တံခွန်တို့ကို လွှတ်ပေးပြီးနောက် အဆိုတော်ပိုပိုနှင့် ဝင်းမင်းသန်း (Beauty Blogger) တို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။

ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း SAC ထံ အသနားခံတောင်းပန်သည့် NLD အစိုးရလက်ထက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်ခဲ့ပြီး မဲမသမာမှုများဖြင့် အမှုဖွင့်အရေးယူခံရသူ ဦးလှသိန်းနှင့် UEC အဖွဲ့ဝင်ဦးမြင့်နိုင်တို့ကို ပြန်လွှတ်ပေးခဲ့သကဲ့သို့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဒေါက်တာစိုးသန်းနှင့် ဦးမျိုးသစ်တို့လည်း ပြန်လည်လွတ်မြောက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *