
၃၀.၁၀.၂၀၂၃
Written by Peya
မော်လမြိုင်တွင် သန်းခေါင်ယံအချိန်က စျေးကြိုအဝိုင်းကို အိမ်စီးကားတစ်စီး တိုက်မိမှုဖြစ်ပွားရာ ကားမီးလောင်ခဲ့ပြီး ယာဉ် မောင်းသေဆုံးခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက် သန်းခေါင်ယံ အချိန် ည ၁၁ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟွန်ဒါ အမျိုးအစား အိမ်စီးကားက တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကားက တိုက်မိပြီးတဲ့နောက် မီးကတော့ နည်းနည်းလောင်တယ်။ အစက သေဆုံးတဲ့ ယာဉ်မောင်းက ဘယ်သူဆိုတာ မသိရဘူး။ အခုတော့ သေဆုံးသူရဲ့ မိသားစုနဲ့လည်း အဆက်အသွယ်ရပါပြီ။ ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ မသိပါဘူး” ဟု ဒေသခံတစ်ဦးက MT News သတင်းဌာနကို ပြောသည်။
အခင်းဖြစ်နေရာသို့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ရာမညအရေးပေါ်လူမူကယ်ဆယ်ရေးအဖွဲ့တို့မှ မီးငြှိမ်းသတ်ရေသယ်ယာဉ်(၁)စီး၊ လူနာတင်ယာဉ် ၂ စီး၊ မောင်ငံမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့များ၊ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့် ကားမီးလောင်မှုအားငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ကားပေါ်တွင်လည်း ပြင်းထန်ဒဏ်ရာဖြင့် ယာဉ်မောင်း အမျိုးသား ၁ ဦးကို တွေ့ရသောကြောင့် လိုအပ်သည့် ရှေးဦးသူနာပြုစုနည်းဖြင့် ဆောင်ရွက်ပြီးနောက် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် OPD ပြင်ပလူနာဌာနအရောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။


