
၃၀. ၁၀. ၂၀၂၃
Written by Min Mahar
မန္တလေးမြို့တွင် “ပေါ်ဦး”ရွှေဆိုင်ကို အမည်မသိအမျိုးသား ၄ ဦးက သေနတ်ဖြင့် ကောင်တာအား ၂ ချက်ပစ်ခတ်ကာ ကောင်တာအတွင်းမှ ရွှေထည်ပစ္စည်းများလုယက်ယူဆောင်သွားမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်း မြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၃၀ ရက်)မနက် ၈ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ ၈၄ လမ်းပေါ်ရှိ “ပေါ်ဦး”ရွှေဆိုင်ရှေ့သို့ CZI ဆိုင်ကယ် ၂ စီးဖြင့် အမည်မသိအမျိုးသား ၄ ဦး(အင်္ကျီအနက်ရောင်၊ ဘောင်းဘီရှည်အနက်ရောင် ဝတ်ဆင်ထားသူများ)ရောက်ရှိလာပြီး ၎င်းတို့အထဲမှ တစ်ဦးက သေနတ်အတို ၁ လက်အား ကိုင်ဆောင်၍ ကောင်တာအတွင်းသို့ ရောက်ရှိလာကာ သေနတ်ဖြင့် ကောင်တာအား ၂ ချက်ပစ်ခတ်ကာ ကောင်တာအတွင်းရှိ ဆွဲကြိုး ၄၀ ကုံးခန့်၊ ရွှေကလစ် ၃၀ ခုခန့် (စုစုပေါင်းတန်ဖိုး သိန်း ၁၂၀၀ ကျပ် ခန့်)လုယက်ယူဆောင်သွားပြီး ၎င်းတို့ ၄ ဦးသည် ၈၄ လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း MT News သတင်းဌာနသို့ ပေါ်ဦးရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါအခင်းပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အခင်း ဖြစ်နေရာ၌ USA Auto 380 ကျည်ဆံ ၁ တောင့်နှင့်ကျည်ခွံ(၁)ခု၊ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းတို့လည်း ကျန်ရှိခဲ့သဖြင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းသွားကာ လုယက်သွားသူ ၄ ဦးအား အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။


