၃၀.၁၀.၂၀၂၃
Written by Peya
စစ်ကိုင်းတိုင်းဒေသကြီးတွင် ညောင်ရမ်းခေတ်လက်ရာဟုယူဆရသည့် အိမ်တွင်းမင်းမဟာဂီရိရုပ်တု အပါအဝင် ရှေး ဟောင်း နတ်ရုပ် ၇ ရုပ် ခိုးယူခံရကြောင်း ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာထိပ်တွင် နတ်နန်းဖြင့် အဆိုပါနတ်ရုပ်များကို ကိုးကွယ်ထားခြင်းဖြစ်ကာ ဒေသတွင်းတွင် နာမည်ကြီးသည့် ရုပ်ထုများလည်းဖြစ်ပြီး အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ခိုးယူခံရဖွယ် ရှိကြောင်းလည်း ၎င်းက ဆိုသည်။
“ပုံတော် အသေးလေးတွေပေါ့။ ရှေးဟောင်းရုပ်တုတွေ မှန်သမျှ အခိုးခံလိုက်ရတာပါ။ ၇ ပါး ပါသွားပါတယ်။ မနက်ပိုင်း နန်းမှာ ရေလဲပန်းဆက်ကပ်တဲ့ သူတစ်ယောက် ရှိတယ်။ သီတင်းကျွတ်ဆိုရင် အိမ်တွင်းအဖေကြီးကို ကျွန်တော်တို့ရွာမှာ မီးပူဇော်ရတယ်လေ။ မနက် ၆ နာရီဆိုရင် လာတာဆိုတော့ အဲ့ဒီလောက်မှ အခိုးခံရတာ သိလောက်တယ်။ ရွာမှာရှိတဲ့ ဘုရားကို မီးပူဇော်ပြီးရင် အဖေကြီးကို သွားပြီး မီးပူဇော်ရတယ်။ ည ၉ နာရီ လောက်အထိ မီးပူဇော်တဲ့သူ ရှိတယ်” ဟု အထက်ပါ ဒေသခံက ရှင်းပြသည်။
တွေ့ရှိသည့်ပုံအရ နတ်နန်း၏တံခါးကိုရိုက်ချိုးကာ နတ်ရုပ်များကို ခိုးယူသွားခြင်းဖြစ်ပြီး ရှေးလက်ရာရုပ်တုများကို ခိုးယူ သွားခြင်းဖြစ်သည့်အတွက် ရှေးဟောင်းပစ္စည်းကို နားလည်သူများဖြစ်နိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်သည်။
“ရုပ်တုတော်တွေက သေးသေးလေးတွေပါပဲ။ တစ်တောင်ကျော်ကျော်လောက်ပဲ ရှိမယ်။ အမြန်ဆုံး ပြန်တွေ့စေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။