၃၀. ၁၀. ၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းချောင်းရွာတွင် ဖြစ်ပွားခဲ့သော အိမ်ခြေ ၂၉ လုံး မီးလောင်မှုမှာ လူမရှိဘဲ မီးထွန်းရာမှ မီးစတင်လောင်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုမှာ ၁၀ ပေပတ်လည် သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်းအခန်းတွင် ငှားရမ်းနေထိုင်သော အသက် ၂၆ နှစ်အရွယ် မချောစုခိုင်က လူမရှိဘဲ မီးထွန်းခဲ့ရာ အောက်ခံသစ်သားပြားကို မီးစွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရသိရသည်။
ထိုဖြစ်စဥ်မှာ အောက်တိုဘာ ၂၈ ရက် ည ၇ နာရီ ၈ မိနစ်ခန့်က ပိုင်ရှင်ဦးတင်ဝေ အငှားချထားသော အိမ် ၁၆ လုံးအနက် အိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်း နေအိမ် ၂၉ လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုမှာ မိနစ် ၄၀ ခန့် လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ၁၀ ပေပတ်လည်နေအိမ်တွင် ငှားရမ်းနေထိုင်သူ မချောစုခိုင်ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Photo – Shwe Lei & CJ